ရန်ကုန်တိုင်းဒေသကြီးအတွင်းက စာသင်ကျောင်းတွေရဲ့ ကိုက်(၁၀၀)အတွင်းမှာရှိတဲ့ အရက်နဲ့စားသောက်ဆိုင်တွေကို ဆိုင်ဖွင့်ခွင့် ပြန်လည်စိစစ်မယ်လို့ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြား လိုက်ပါတယ်။အခြေခံပညာစာသင်ကျောင်းတွေနဲ့ ကိုက်တစ်ရာအတွင်း ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်၊ အရက်ပါရောင်းချတဲ့ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကို ပိတ်သိမ်းပေးဖို့ ရှင်းလင်းပြောင်းရွှေ့ပေးဖို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက တိုင်းလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာပါ။

ဒီလိုဆိုင်တွေက ဘေးပတ်ဝန်းကျင်၊ ရပ်ကွက်နေပြည်သူတွေနဲ့ ဆိုင်အနီးအနားက စာသင်ကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေအတွက် အမြင်မတင့်တယ်၊ အမြင်မတော်တဲ့ဖြစ်ရပ်တွေများလာလို့ အခုလို မေးမြန်းခဲ့တာလို့ ဆိုကြပါတယ်။


ဒီမေးခွန်းနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက လှိုင်နဲ့ မရမ်းကုန်းမြို့နယ်တွေက အရက်နဲ့ စားသောက်ဆိုင်တစ်ချို့ကို ဒီမတ်လကုန်အပြီး ပိတ်သိမ်းဖို့ မှာကြားထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းတွေနဲ့ ကိုက်(၁၀၀) အတွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင်စတဲ့ ဆိုင်တွေကို ပြန်လည်စိစစ်ပြီးတော့ ဆိုင်ဖွင့်ခွင့်ကို စိစစ်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာပါ။

လှိုင်မြို့နယ်အတွင်း စာသင်ကျောင်းတွေနဲ့ အနီးတ၀ိုက်မှာ အရက်နှင့် ဘီယာရောင်းချနေတဲ့ဆိုင် (၅)ဆိုင်၊ မရမ်းကုန်းမြို့နယ်မှာ (၄)ဆိုင်တို့ကို ဒီမတ်လကုန်မှာ အပြီးပိတ်သိမ်းဖို့ မှာကြားထားတာလည်း ဖြစ်ပါတယ်။ ဆိုင်တွေကို သာသနာ့မြေ၊ စာသင်ကျောင်း၊ ပန်းခြံ၊ ဈေး၊ ဆေးရုံ၊ ရှေးဟောင်းအဆောက်အဦအနီးနေရာတွေ၊ အများပြည်သူသွားလာမှု ခက်ခဲစေတဲ့နေရာနဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့နေရာတွေမှာ  ဖွင့်လှစ်ရောင်းချခွင့်မပြုရလို့ လိုင်စင်ဥပဒေမှာ ပါရှိပါတယ်။

 

 

 

Related News