(၂၀၁၉)ခုနှစ်ကို ပြည်တွင်းရွှေဈေးစံချိန်တင်နှစ်တစ်နှစ်အဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းကပြောကြားထားပါတယ်။ယခု (၂၀၁၉)ခုနှစ်မှာ  စံချိန်တင်ဈေးနှုန်းအဖြစ် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ဆယ့်တစ်သိန်းကျော်ကို မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ်က ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်ရှစ်သိန်းကျော်သာရှိခဲ့ပြီး (၂၀၁၇)ခုနှစ်နဲ့ (၂၀၁၈)ခုနှစ်မှာ ပြည်တွင်းရွှေဈေးက ရှစ်သိန်းကျော်နဲ့ကိုးသိန်းဝန်းကျင်မှာသာရှိခဲ့တာ ဖြစ်ပါတယ်။ ယခု(၂၀၁၉)ခုနှစ်မှာတော့ ပြည်တွင်းရွှေဈေးဟာ ဆယ့်တစ်သိန်းအထက်ကို ရောက်ရှိလာတဲ့အတွက် စံချိန်တင်နှစ်တစ်နှစ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ဒီလို ပြည်တွင်းရွှေဈေးမြင့်တက်လာတာဟာ  နိုင်ငံတကာက  စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ရွှေနဲ့ အခြားအဖိုးတန်သတ္တုပစ္စည်းတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် နိုင်ငံတကာက ရွှေဈေးကွက်မှာရော ပြည်တွင်းရွှေဈေးမှာပါ  ဈေးမငြိမ်သက်မှုတွေ ဖြစ်ပေါ်ပြီး ရွှေဈေးဆက်လက်မြင့်တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက သုံးသပ်ထားပါတယ်။အရင်က ပြည်တွင်းရွှေဈေးတက်ပေမယ့် ပြည်သူလူထုဝယ်ယူမှုတွေရှိခဲ့ပြီး  အခုနောက်ပိုင်းမှာတော့ ပြည်သူလူထုအနေနဲ့ ရွှေဝယ်ယူစုဆာင်းသူနည်းလာတယ်လို့ သိရပါတယ်။ ရွှေဝယ်ယူစုဆောင်းသူတွေအနေနဲ့ လက်ဝတ်ရတနာ အထည်အသေးတွေကိုတော့ ၀ယ်ယူနေပြီး အခေါက်ရွှေဝယ်ယူစုဆောင်းသူနည်းလာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ ရွှေဝယ်ယူတဲ့ ပြည်သူတွေအနေနဲ့ ရွှေဈေးတက်နေပေမယ့် လက်ဝတ်ရတနာတွေကို ဒီဇိုင်းပြပြီး အော်ဒါမှာယူတွေ ခေတ်စားလာတယ်လို့ ပြောပါတယ်။ဇူလိုင်လ(၁၁)ရက်အတွက် ပြည်တွင်းအခေါက်ရွှေဈေးက တစ်ကျပ်သားကို ငွေကျပ် ဆယ့်တစ်သိန်းသုံးသောင်း ပေါက်ဈေးရှိပြီး (၁၅)ပဲရည်တစ်ကျပ်သားကို ငွေကျပ် ဆယ်သိန်းခြောက်သောင်းကိုးထောင်ပေါက်ဈေးရှိနေပါတယ်။

 

 

Related News