ယခုနှစ်ကစပြီး ငါးတန်ကို ပြောင်းလဲမွေးမြူခဲ့တဲ့ ငါးမွေးတောင်သူအချို့ ရောင်းချစရာဈေးကွက် အခိုင်အမာမရှိလို့ အမြတ်မရတဲ့အပြင် အရှုံးပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရပါတယ်။မြန်မာနိုင်ငံရဲ့ မွေးမြူရေးငါးလုပ်ငန်းမှာ ငါးမွေးသူအများစုက ပြည်တွင်းမှာ စားသုံးမှုများပြီး ပြည်ပအဝယ်ရှိတဲ့ ငါးကြင်း၊ ငါးမြစ်ချင်းစတာတွေကို မွေးမြူကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကစပြီး မြန်မာနိုင်ငံကနေ ငါးမြစ်ချင်းမှာယူနေတဲ့ ဆော်ဒီနိုင်ငံက တင်ပို့ခွင့် ကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ငါးမြစ်ချင်းမွေးနေတဲ့ ငါးမွေးတောင်သူ အချို့ အရှုံးပေါ်ခဲ့ကြပါတယ်။ ဒါကြောင့် ယခုနှစ်မှာ ပုံမှန်မွေးမြူနေကျ ငါးမြစ်ချင်းထက် ငါးတန်ကို ပြောင်းလဲမွေးမြူကြလာတာဖြစ်ပါတယ်။ ငါးတန်က ပြည်တွင်း ဈေးကွက်မှာ ဝယ်ယူစားသုံးမှုနည်းနေသေးပြီး ငါးမွေးမြူသူတွေ ထင်ထားသလောက် ရောင်းချတာ မရှိပါဘူး။

ငါးမြစ်ချင်းကို စွန့်လွှတ်ပြီး ငါးတန်ပြောင်းလဲ မွေးမြူပေမယ့်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက် သေချာချိတ်ဆက်ထားခြင်းမရှိတဲ့ တောင်သူတွေကတော့ အရှုံးပေါ်ကြတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒေါက်တာတိုးနန္ဒာတင်က ပြောပါတယ်။ ငါးမြစ်ချင်းကို လျှော့မွေးကြတာကြောင့် ဒီနှစ် လက်လီ လက်ကားဈေးကွက်မှာ ငါးမြစ်ချင်း တစ်ပိဿာဈေးက  ကျပ်ခုနစ်ထောင်ကနေ တစ်သောင်းအထိ မြင့်တက်လျက်ရှိပါတယ်။ ငါးတန်က ပြည်ပဈေးကွက်မှာ နာမည်ကောင်းရနေတဲ့ ငါးဖြစ်ပေမယ့် ပြည်ပဈေးကွက်မချိတ်ရသေးရင် မွေးဖို့ စောသေးတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သုံးသပ်ပြောဆိုပါတယ်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အများပိုင်ကုမ္ပဏီထူထောင်ပြီး ပန်းတနော်မြို့နယ်မှာ ငါးတန်မွေးမြူရေးဇုန်ဆောင်ရွက်လျက်ရှိပြီး ငါးတန်တွေကို တရုတ်ဈေးကွက်ပို့ဖို့ ချိတ်ဆက်ထားတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံကို လက်ရှိမှာတော့ မွေးမြူရေးငါးတွေ တင်ပို့ခွင့် တရားဝင်ခွင့်ပြုချက်ရဖို့ မြန်မာဘက်က ကြိုးစားနေဆဲဖြစ်ပါတယ်။

 

 

Related News