နယ်စုံကထွက်ရှိနေတဲ့ မိုးထောင်ငရုပ်တွေကို တရုတ်ဘက်က ဆက်တိုက်ဝယ်ယူနေလို့ ငရုပ်ဈေးကအတက်မှာပဲ ရှိနေပြီး အကျကို မရောက်သေးဘူးလို့ သိရပါတယ်။လက်ရှိမှာကျောက်ဆည်ဘက်က ထွက်ရှိတဲ့ငရုပ်တွေကို တရုတ်ကအစိုအတိုင်း အအေးခန်းကားတွေနဲ့ ၀ယ်ယူနေပြီး စတင်ထွက်ရှိချိန်ထဲက ဆက်တိုက်ဝယ်ယူနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျောက်ဆည်ဘက်ကထွက်ရှိနေတဲ့ မိုးထောင်ငရုပ်အစိုတွေကို တစ်ပိဿာကိုငွေကျပ် (၆၀၀၀)နဲ့ တရုတ်က ၀ယ်ယူနေတယ်လို့ သိရပါတယ်။ ဒီလိုဈေးကောင်းရနေလို့  ငရုပ်အစိုကိုပဲ တိုက်ရိုက်အအေးခန်းကားတွေနဲ့ တိုက်ရိုက်ပို့နေတယ်လို့ သိရပါတယ်။ ဒီလို ၀ယ်ယူနေလို့ ကျောက်ဆည်ဖက်က မိုးထောင်ငရုပ်အခြောက်တွေ ဘုရင့်နောင်ကုန်စည်ဒိုင်ကို အ၀င်မရှိတော့ဘူးလို့ သိရပါတယ်။

ဇွန်လနဲ့ ဇူလိုင်လတွေမှာတော့ ပျော်ဘွယ်ဖက်မှာ မိုးထောင်ငရုပ်သစ်တွေ ထပ်မံထွက်ဖို့ရှိနေပြီး ထွက်လာရင်တော့ ဒီငရုပ်တွေကိုလည်း တရုတ်ဖက်က ထပ်မံဝယ်ယူဖို့အလားအလာတွေရှိနေတယ်လို့ သိရပါတယ်။ တရုတ်ကအ၀ယ်များသလို ပြီးခဲ့တဲ့နှစ်က ငရုပ်စိုက်ပျိုးမှုနည်းတာကြောင့်လည်း အခုလိုဈေးတက်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်ကအ၀ယ်လိုက်လို့ မိုးထောင်ငရုပ် ဈေးတက်တာကြောင့် တခြားငရုပ်အမျိုးအစားတွေလည်း တစ်ပိဿာကို ငွေကျပ်(၆၀၀)ကနေ (၁၀၀၀)ကြားဈေးတက်နေတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဆင်ဖြူကျွန်းငရုပ်ပုတစ်ပိဿာကို ငွေကျပ် (၉၀၀၀) မှ (၁၀၀၀၀)၊မြစ်ဝကျွန်းပေါ်ငရုပ်ရှည်တစ်ပိဿာကို ငွေကျပ်(၄၀၀၀)မှ (၄၁၀၀)၊အိန္ဒိယ ငရုပ်ရှည် တစ်ပိဿာ ကို ငွေကျပ် (၅၄၀၀)ပေါက်ဈေးရှိတယ်လို့သိရပါတယ်။

 

 

Related News