ယခုတစ်ပတ်မန္တလေးပဲနှမ်းဈေးကွက်မှာ ပဲတီစိမ်းဈေးကျနေပြီး နှမ်းနက်ဈေးကောင်းရနေတယ်လို့ မန္တလေးပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရပါတယ်။ယခုတစ်ပတ်မှာမန္တလေးပဲတီစိမ်းအရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ တရုတ်ပြည်ဈေးကွက်ကို အဓိကအားထား နေတဲ့ ပဲတီစိမ်းက တရုတ်ငွေယွမ်ဈေးကျနေတာကြောင့် ပဲတီစိမ်းဈေးကျသွားတယ်လို့ ဆိုပါတယ်။ ဇွန်လ(၆)ရက်က ပဲတီစိမ်း (၃တင်းဝင်)(၁)အိတ်ကို ကျပ်(၁ သိန်း ၁ သောင်း)ရှိရာက ဇွန်လ ၇ ရက်မှာကျပ်(၁သိန်း၃ထောင်) ဝန်းကျင်ထိ ဈေးကျသွားတာ ကြောင့် တစ်ရက်အတွင်းထိပ်စအိတ်တစ်အိတ်ကို ကျပ်(၅၀၀၀)၀န်းကျင်ထိ ဈေးကျသွားတယ်လို့ သိရပါတယ်။ လက်ရှိအနေ အထားမှာ တရုတ်ငွေယွမ်ဈေးကျတာကြောင့် ပဲတီစိမ်းက ဈေးအကျဘက်မှာသာ ဆက်ရှိနေနိုင်တယ်လို့ မန္တလေးကုန်စည်ဒိုင်မှ ပွဲရုံလုပ်ငန်းရှင်အချို့က ပြောပါတယ်။

လက်ရှိမန္တလေးကုန်စည်ဒိုင်နှမ်းဈေးကွက်မှာတော့ စမုံနှမ်းနက်ဈေးကောင်း ရနေတယ်လို့ သိရပါတယ်။ ယခုလက်ရှိထွက်နေတဲ့ ရေသွင်းနှမ်းတွေမှာ မိုးလိုသွားပြီး အရည်အသွေးနိမ့်သွားတာကြောင့် နှမ်းဈေးကွက် အရည်အသွေးကောင်းတဲ့ နှမ်းတွေဘက်ကို တရုတ်က အဝယ်လိုက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က(၃ တင်းဝင်)တစ်အိတ်ကို ကျပ်(၂ သိန်း ၆ သောင်း) ဝန်းကျင်ရှိခဲ့တဲ့ နှမ်းနက်က ယခုတစ်ပတ်မှာ ကျပ်(၂ သိန်း ၆ သောင်း ၈ ထောင်)အထိ ပေါက်ဈေးရှိတာကြောင့် ကျပ်တစ်သောင်းအထိ ဈေးတက်လာတယ်လို့ သိရပါတယ်။ပဲတီစိမ်းအသစ်ပေါ်ချိန်ဖြစ်တာကြောင့် မန္တလေးဈေးကွက်ကို ရွှေဘို၊ မုံရွာ၊ ချောင်းဦး၊ ဆင်ဖြကျွန်း၊ စလင်း၊ ကျောက်ဆည် ဘက်က ပဲတီစိမ်းအဝင်များနေတယ်လို့ သိရပါတယ်။ မန္တလေးပဲနှမ်းဈေးကွက်မှာ တရုတ်ငွေယွမ်ဈေးပေါ်မူတည်နေပြီး တရုတ်ငွေဈေးကျတဲ့အပေါ် ကုန်သည်တွေအနေနဲ့ သတိထားရောင်းဝယ်ရမယ့် အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News