မူဆယ်တွင် သိုလှောင်ထားတဲ့ဆန်တွေကို တရုတ်နိုင်ငံကိုပို့ဆောင်နိုင်ဖို့အတွက် တန်ဖိုးချင်းညီမျှတဲ့ ကုန်ဖလှယ်တဲ့စနစ်(ဘာတာစနစ်)နဲ့ ပြန်လည်ပို့ဆောင်နိုင်ဖို့ သွားမယ်လို့ သိရပါတယ်။ အရင်က ရန်ကုန်ကနေမူဆယ်ကို တရားဝင်ဆန်တင်ပို့ပြီး မူဆယ်မှတစ်ဆင့်  ရွှေလီကြယ်ခေါင်ကို ပို့ဆောင်ရာမှာတော့ အခွန်မဆောင်တဲ့ တရုတ်ကုန်သည်တွေကိုရောင်းချမှုကြောင့် တရားမ၀င်ဖြစ်နေတဲ့အတွက်  တရုတ်နိုင်ငံက ကုန်စည်ပို့ဆောင်မှုကို ခွင့်မပြုခဲ့တော့တာလို့သိရပါတယ်။ဒါပေမယ့် မြန်မာ့ဆန်ကို တရုတ်နိုင်ငံကို နယ်စပ်မှပြန်လည်တင်ပို့နိုင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ G to G MOU လက်မှတ်ရေးထိုးထားပြီး တန်ဖိုးချင်းညီမျှတဲ့ ကုန်ဖလှယ်တဲ့စနစ် (ဘာတာစနစ်)နဲ့  အရောင်းအ၀ယ်လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ကို မူဆယ်မှာရှိတဲ့ ဆန်ကုန်သည်တွေ စုစည်းဖွင့်လှစ်ထားတဲ့ Shan State (Northern) Rice & Paddy ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးထားပြီး မူဆယ်ဂိုထောင်မှာ သိုလှောင်ထားတဲ့ဆန်တွေကို တင်ပို့ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုတင်ပို့ရာမှာ  ရက်(၉၀)ဆန်မျိုးကို ပို့ဖို့စီစဉ်ထားတယ်လို့သိရပြီး နောက်ထပ် ဆန်လိုအပ်ချက်ရှိရင်လည်း ထပ်မံတင်ပို့နိုင်ဖို့ကို ရန်ကုန်နဲ့ မန္တလေးတို့မှာရှိတဲ့ ဆန်လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေကို ထပ်မံလုပ်ကိုင်ခွင့်ပေးသွားမယ်လို့သိရပါတယ်။ ဒီလိုလုပ်ကိုင်ခွင့်ပေးခြင်းကြောင့် နောက်ပိုင်းမှာ  ဆန်ကိုပင်လယ်ရေကြောင်းမှတစ်ဆင့်ပိုတာနဲ့ နယ်စပ်ကပို့ဆောင်မှုက တူညီသွားနိုင်ပြီး ဈေးနှုန်းမတည်ငြိမ်တာ၊ အရောင်းအ၀ယ်မတည်ငြိမ်တာတွေကို ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မူဆယ်မှတစ်ဆင့် တရုတ်ကို နယ်စပ်ကုန်သွယ်ခွင့်ပိတ်ခဲ့တဲ့အတွက် ဆန်ကြမ်းဈေးတွေဟာ ပြီးခဲ့တဲ့ နှစ်ထက် တစ်အိတ်ကို ကျပ်(၂၅၀၀)၊(၃၀၀၀)၀န်းကျင်ဈေးကျလာခဲ့ပြီး ဆန်ကွဲဈေးကတော့ တစ်အိတ်ကို ကျပ်(၄၅၀၀)အထိ ဈေးကျသွားတယ်လို့ သိရပါတယ်။

 

 

 

 

Related News