နယ်ဘက်ကနေ ငါးဝယ်လိုအား မြင့်တက်လာပြီး နေ့စဉ် ငါးတန်ချိန်ကိုးသောင်းကနေ တစ်သိန်းကြား တင်ပို့နေရတယ်လို့ ကြည့်မြင်တိုင်၊ ဗဟိုစံပြငါးဈေးကနေ သိရပါတယ်။ကြည့်မြင်တိုင်၊ ဗဟိုစံပြငါးဈေးကနေ တိုင်းဒေသကြီးပြည်နယ်အသီးသီးကို မွေးမြူရေးငါး၊ ပင်လယ်ငါးနဲ့ ရေချိုငါးတွေ တင်ပို့လျက်ရှိပြီး ယခုရက်ပိုင်း အတောအတွင်းမှာ နယ်ဘက်တွေကနေ ငါးဝယ်လိုအား မြင့်တက်လာတယ်လို့ သိရပါတယ်။ နယ်ဘက်တွေမှာ ယခုနှစ်အတွင်း ကြက်ခြံဖမ်းဈေးနှုန်းက ခြောက်ထောင်ကျော်အထိ မြင့်တက်နေလို့ ကြက်သားဈေးတွေလည်း မြင့်တက်လျက်ရှိပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးက ငါးကို အားထားစားဖို့ ရန်ကုန်ကနေ ငါးတွေ မှာယူလာကြတာပဲဖြစ်ပါတယ်။နယ်ကို တင်ပို့ရာမှာ ဖော့ပုံးတစ်ပုံးကို ငါးပိဿာချိန် ငါးဆယ်ထည့်သွင်းတင်ပို့တာဖြစ်ပြီး ကား၊ ရထား၊ လေယာဉ်စတာတွေနဲ့ တင်ပို့တာဖြစ်ပါတယ်။

မိုးကာလတွေမှာ  နယ်ဘက်ကနေ ငါးဝယ်လိုအားနည်းလေ့ရှိပေမယ့် ယခုနှစ်မှာတော့ နယ်ဘက်တွေကနေ ငါးမှာယူမှု ပြန်လည်မြင့်တက်လာပါတယ်။ ဒါပေမဲ့ လက်ရှိဈေးကွက်မှာ ငါးဈေးကနှစ်ဆ မြင့်တက်လျက်ရှိတာကြောင့် နယ်ကို တင်ပို့နေတဲ့ ငါးဈေးတွေကို ပြင်ဆင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ နယ်ပို့ငါးလုပ်ငန်းအဖွဲ့ကနေ တိုင်းဒေသကြီး ပြည်နယ်အသီးသီးက ဝယ်ယူသူတွေနဲ့ အရင်ကတည်းက ညှိနှိုင်းထားတဲ့ ဈေးနှုန်းက ငါးတစ်ပိဿာ ကျပ်လေးထောင့်နှစ်ရာ ဖြစ်ပါတယ်။စံပြငါးဈေးမှာ နယ်ကို ငါးတင်ပို့တဲ့ လုပ်ငန်းလုပ်ကိုင်သူဦးရေ (၈၃)ဦးရှိပြီး ငါးဒိုင်ကို ဝင်လာတဲ့ ငါးတွေကို ဖော့ပုံး၊ ရေခဲတွေနဲ့ ထုတ်ပိုးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၄)ခုလုံးကို တင်ပို့နေတာဖြစ်ပါတယ်။

 

 

Related News