အုန်းသီးခွံရဲ့ မူလပုံသဏ္ဍန်ပေါ်မှာအခြေခံပြီး မြန်မာမှုမြန်မာ့ဟန်တွေနဲ့ ဖန်တီးထားတဲ့ အုန်းခွံလက်မှုပစ္စည်းတွေကို နိုင်ငံခြားသားတွေက နှစ်သက်စွာဝယ်ယူနေကြတယ်လို့ သိရပါတယ်။ပန်းချီကိုစိုးဟာ ၁၉၉၅ ခုနှစ်မှာ အုန်းခွံလက်မှုလုပ်ငန်းကို စမ်းသပ်ပြုလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ အများရှေ့ကို ချပြနိုင်ခဲ့ပါတယ်။ အိုးလုပ်တာကို ၀ါသနာပါခဲ့တဲ့အတွက် အုန်းခွံလက်မှုတွေကိုလဲ အိုးပုံသဏ္ဍန်အယူအဆတွေနဲ့ ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အုန်းခွံလက်မှုပညာကို သင်ဆရာနဲ့ စနစ်တကျသေချာသင်ယူခဲ့တာမျိုးမဟုတ်ဘဲ မြင်ဆရာကြားဆရာနဲ့သာ တတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အုန်းသီးခွံတွေပေါ်မှာ ရေးဆွဲထားတဲ့ ရွှေဇ၀ါဟန် မှန်စီရွှေချဟန် ကညစ်ယွန်းဟန် သရိုးပန်းကြွ သရိုးရုပ်ကြွဟန်တွေက မြန်မာ့နည်းမြန်မာ့နည်းဟန်တွေဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေအတွက် ဆွဲဆောင်မှုဖြစ်စေတယ်လို့ အုန်းခွံလက်မှုပညာရှင် ကိုစိုးက ပြောပါတယ်။

အုန်းခွံလက်မှုလုပ်ငန်းကို အသေးစားအိမ်တွင်းလုပ်ငန်းတစ်ခုအဖြစ် စတင်လုပ်ကိုင်ခဲ့တာဟာ အရင်းအနှီးများများမလိုဘဲ ကိုယ်တတ်ထားတဲ့ ပညာရပ်နဲ့ လုပ်ကိုင်လို့ရတာကြောင့် စတင်လုပ်ကိုင်ခဲ့ပြီး  အောင်မြင်တဲ့SME လုပ်ငန်းတစ်ခုဖြစ်လာတယ်လို့ အုန်းခွံလက်မှုပညာရှင် ကိုစိုးက ပြောပါတယ်။သူရဲ့ အုန်းခွံလက်မှုပစ္စည်းတွေကိုတော့ လက်မှုပစ္စည်းေ၇ာင်းချတဲ့ myanhouse ဆိုင်တစ်ဆိုင်တည်းမှာဘဲ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီဆိုင်မှာတင်ထားတဲ့ ကိုစိုးရဲ့ အုန်းခွံလက်မှုပစ္စည်းတွေကိုတော့ အမေရိကန် ဂျာမနီ ပြင်သစ် အင်္ဂလန်၊ တရုတ်၊ ဂျပန်၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံတော်တော်များများက ၀ယ်ယူကြတယ်လို့ myanhouse ဆိုင်မှ အရောင်းတာဝန်ခံ မသန့်သီရိခင်က ပြောပါတယ်။အုန်းခွံတွေကို အဖုံးပါတဲ့ဗူးပုံစံပြုလုပ်ထားပြီး သဘာဝကနေရရှိတဲ့ပစ္စည်းအပေါ် ပညာရပ်နဲ့ပေါင်းစပ်ပြီး အသုံးအဆောင်အဖြစ်ရော အလှဆင်ပစ္စည်းအဖြစ်ရော အနုပညာလက်ရာအဖြစ်ပါ ခံစားနိုင်တဲ့အတွက် နိုင်ငံခြားသားစိတ်ဝင်စားမှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာမှုလက်ရာတွေနဲ့ ပြုလုပ်ထားတဲ့ အုန်းခွံလက်မှု ပစ္စည်းတွေရဲ့တန်ဖိုးကတော့ ငွေကျပ်သုံးသောင်းကနေ ငွေကျပ်လေးသိန်းကျော်ထိ ရှိတယ်လို့ သိရပါတယ်။

 

 

Related News