ယခု မိုးတွင်းကာလမှာ လက်လီ၊လက်ကားဒိုင်တွေမှာ ရောင်းချနေတဲ့ မွေးမြူရေးငါးဈေးတွေ မြင့်တက်လာဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က သုံးသပ်ထားပါတယ်။ဇွန်လ(၁)ရက်ကနေ သြဂုတ်လကုန်အထိကို ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်ထားပြီး ဒီနှစ်မှာပဲ ကမ်းဝေး၊ ကမ်းနီးငါးဖမ်းခွင့်ကို သုညရာခိုင်နှုန်းအထိ လျှော့ချပစ်လိုက်ပါတယ်။အရင်နှစ်တွေက ငါးမဖမ်းရ ရာသီသတ်မှတ်ခဲ့ပေမယ့်လည်း ငါးဖမ်းသင်္ဘောတွေရဲ့ ၂၀ ရာခိုင်နှုန်းကို ငါးဖမ်းဆီးခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့ ဒီနှစ်မှာတော့ လုံးဝဖမ်းဆီးခွင့်မပေးတာကြောင့် မိုးဦးရောက်တာနဲ့ ငါးဈေးကွက်မှာ ပင်လယ်ငါးတွေ မရှိသလောက်ဖြစ်သွားမှာပါ။ဒါ့အပြင် အင်းအိုင်ငါးလုပ်ငန်းကလည်း ငါးရစ်ငါးသန်ရာသီဖြစ်တဲ့ မေလကနေ ဇူလိုင်လကို ငါးဖမ်းဆီးခွင့်ပိတ်ပင်ထားတာကြောင့် ငါးဈေးကွက်မှာ အင်းအိုင်ငါးတွေ ရောင်းချမှုခေတ္တရပ်နားနေမှာဖြစ်ပါတယ်။ 

ဒါကြောင့် ဈေးကွက်မှာ တစ်မယ်တည်းကျန်နေမယ့် မွေးမြူရေးငါးတွေဟာ လာမယ့် မိုးတွင်းကာလမှာ ဈေးကောင်းလာနိုင်ပြီး စံချိန်တင်ဈေးအထိ မြင့်တက်လာနိုင် မယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သုံးသပ်ထားပါတယ်။အရင်တုန်းက မွေးမြူရေးငါးတွေရဲ့ တစ်ပိဿာပျှမ်းမျှဈေးဟာ ကျပ်နှစ်ထောင်ကနေ သုံးထောင်ဝန်းကျင်သာရှိပေမယ့် မနှစ်ကတည်းက ငါးတစ်ပိဿာကို ကျပ်လေးထောင်ဈေးအထိ တက်နေခဲ့တာပါ။ ဒီလို မြင့်တက်နေရတာကလည်း မနှစ်က မိုးရာသီမှာ ဆော်ဒီနိုင်ငံက မြန်မာနိုင်ငံကနေ တင်ပို့နေတဲ့ ငါးမြစ်ချင်းတွေကို ပိတ်ပင်လိုက်တာကြောင့်ဖြစ်ပြီး ငါးမြစ်ချင်းမွေးမြူရေးသမားအများစု အရှုံးပေါ်ခဲ့ကြပါတယ်။ ဒါကြောင့် အရှုံးပေါ်ခဲ့တဲ့ ငါးမွေးမြူရေးသမားအများစုက ငါးကန်တွေကို လျှော့ချမွေးမြူခဲ့ပြီး ငါးအထွက်နည်းတာကြောင့် ငါးဈေးတွေ ဆက်တိုက်တက်နေခဲ့တာပါ။မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က လက်ကားဒိုင်တွေရဲ့ ဈေးနှုန်းကိုသာ ခန့်မှန်းပြောဆိုခဲ့တာဖြစ်ပြီး လက်လီဈေးတွေမှာတော့ မွေးမြူရေးငါးရဲ့ဈေးနှုန်းက ဒီထက်ပိုမိုတက်လာဖွယ်ရှိတယ်လို့ပြောပါတယ်။

 

 

Related News