ဒုတိအကြိမ်တရုတ်-မြန်မာ(ရန်ကုန်)ကုန်စည်ပြပွဲ-၂၀၁၉ကိုမေလ(၂၆)ရက်ကနေ(၂၈)ရက်အထိ ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Palaza မှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ဒီကုန်စည်ပြပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ နှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးတို့ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။ ပြပွဲမှာပြည်တွင်းက ကုမ္ပဏီ(၂၂)ခုမှပြခန်းပေါင်း(၂၄)ခန်းနှင့် တရုတ်နိုင်ငံမှကုမ္ပဏီ(၄၅)ခုက ပြခန်းပေါင်း(၇၆)ခုပြသနေတာဖြစ်ပါတယ်။ပြပွဲမှာပြသနေတဲ့ပစ္စည်းတွေကတော့ ကျောက်စိမ်းသစ်သား၊သံပြားပန်းပုကနုတ်ထွင်းစက်၊ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ထုတ်ပိုးခြင်း၊ စက်ကိရိယာအမျိုးမျိုး ၊စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနဲ့ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းအစရှိတာတွေလည်းပြသလျက်ရှိတယ်လို့ သိရပါတယ်။ပြပွဲကာလအတွင်းမှာ မြန်မာ-တရုတ်နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွေအပါအ၀င် လက်ရှိစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနေတဲ့ လုပ်ငန်းရှင်တွေမှလည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကိုလည်း ရှင်းလင်းပြောကြားမှုအစီအစဉ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ကုန်စည်ပြပွဲကို ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊နိုင်ငံခြားသံရုံးမှ ကိုယ်စားလှယ်များအပါအ၀င်သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

 

 

Related News