ချောင်းသာကမ်းခြေမှာ အစိုးရလျှပ်စစ်မီးရရှိလာပါက အခန်းခတွေ ဈေးလျှော့ဖို့ပြင်ဆင်ထားတယ်လို့ ချောင်းသာဟိုတယ် ဇုန်မှာ ရှိတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ချောင်းသာကမ်းခြေမှာ ဟိုတယ်အခန်းခတွေ ဈေးကြီးမြင့်နေတဲ့အထဲမှာ လျှပ်စစ်မီးအတွက် အသုံးစရိတ်ကလည်း အဓိကကျတယ်လို့ ဟိုတယ်ပိုင်ရှင်တွေကပြောပါတယ်။ ၀င်ငွေရဲ့ (၃၀)ရာခိုင်နှုန်းလောက်က လျှပ်စစ်မီးအတွက် စက်သုံးဆီစရိတ်အဖြစ်ကုန်ကျနေတယ်လို့ လုပ်ငန်းရှင်တွေဘက်ကရှင်းလင်းပါတယ်။ ချောင်းသာကမ်းခြေကို လျှပ်စစ်မီးပေးနိုင်ဖို့ လွန်ခဲ့တဲ့ငါးနှစ်ဝန်းကျင်ကတည်းက လုပ်ဆောင်နေ တာဖြစ်ပေမယ့် အခုထိလျှပ်စစ်မီးမပေးနိုင် သေးတာပါ။ မီးစက်တွေနဲ့လျှပ်စစ်မီးပေးနေတာကြောင့်တစ်ယူနစ်ကို (၂၅၀)ကျပ်ဝန်းကျင် ကုန်ကျတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း တစ်ယူနစ်(၁၂၀)ကျပ်နှုန်းနဲ့ LNG မီးစက်ကြီးတွေကိုသုံးပြီး မီးပေးနိုင်ဖို့ စီစဉ်ခဲ့ပေမယ့် ဓာတ်အားလိုင်း သွယ်တန်းခအပေါ် ရင်းနှီးမြုပ်နှံမယ့်သူမရှိတာကြာင့် ဖြစ်မလာခဲ့ဘူးလို့သိရပါတယ်။ လာမယ့် (၂၀၂၀)မှာတော့ ငွေဆောင်က တဆင့် (11KV) အစိုးရ ဓာတ်အားလိုင်းနဲ့လျှပ်စစ်မီးရနိုင်ဖို့ရှိနေတယ်လို့ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ချောင်းသာဇုန်) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ချောင်းသာကမ်းခြေလို့ စတင်သိရှိလာတာ (၂၅)နှစ်ကျော်ရှိပြီဖြစ်ပြီး လက်ရှိမှာ မြို့အဆင့်ကို တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ဟိုတယ်ဇုန်(၁၉)ခုထဲမှာ ချောင်းသာဇုန်ကလည်း တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ လက်ရှိ ချောင်းသာမှာ ၀န်ကြီးဌာနလိုင်စင်ချထားပေးတဲ့ဟိုတယ်(၂၆)လုံးနဲ့ တိုင်းဒေသကြီး စည်ပင်က လိုင်စင်ချထားပေးတဲ့ တည်းခိုရိပ်သာ အလုံး(၄၀)ရှိနေပါတယ်။လက်ရှိမှာ ဟိုတယ်အခန်းခတွေက အမျိုးအစားပေါ်မူတည်ပြီးကျပ်ငါးသောင်းကနေ (၂)သိန်းကြားရှိနေပါတယ်။တစ်ဖက်မှာလည်း လိုင်စင်မရှိပဲ လုပ်ကိုင်နေတဲ့ ဟိုတယ်၊တည်းခိုခန်းက အလုံး(၄၀)ကျော်ရှိနေတယ် လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။ ဒါတွေဟာ မြေအမည်ပေါက်မရရှိတာကြောင့် လိုင်စင်ရ ဖို့ ခက်ခဲ နေတာလို့ပြောပါတယ်။ချောင်းသာကမ်းခြေမှာ လာမယ့် နိုဝင်ဘာ (၁၉) ရက်က နေ (၂၁)ရက်ရက်အထိ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးပွဲတော်ကို ပြုလုပ်မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ပွဲတော်ကာလအတွင်း ဟိုတယ် အခန်းခနှုန်းထား လျှော့ချပေးတာတွေ ရှိမယ်လို့ သိရပါတယ်။မနှစ်ကတော့ ချောင်းသာကို ခရီးသွား(၃)သိန်း ၀န်းကျင် ၀င်ရောက်ခဲ့တယ်လို့ချောင်းသာ ဟိုတယ်ဇုန်ထံက သိရပါတယ်။

 

 

Related News