Shwe Property နဲ့ AYA Bank တို့ ပူးပေါင်းပြီး တန်ဖိုးသင့်အိမ်ရာများ သီးသန့်စုစည်းရောင်းချတဲ့ပွဲကို ဇွန်လ(၂၂)ရက်မှ (၂၄)ရက်အထိ လှည်းတန်းစင်တာမှာ ပြုလုပ်နေပါတယ်။တန်ဖိုးသင့်အိမ်ရာသီးသန့်စုစည်းပြသရောင်းချပွဲမှာအနည်းဆုံးကျပ်သိန်း(၁၈၀)ကနေ အများဆုံးသိန်း(၈၀၀)ကျော်ထိပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့နယ်ပေါင်း(၂၀)ကျော်မှာ ဆောက်လုပ်ထားတဲ့ အိမ်ရာတွေကိုရောင်းချပေးနေတာဖြစ်ပါတယ်။

အခုလိုတန်ဖိုးသင့်အိမ်ရာတွေကို AYA Bank နဲ့ချိတ်ဆက်ပြီးအရစ်ကျရောင်းချပေးတာကြောင့် အိမ်ဝယ်ယူသူတွေအနေနဲ့ ၀င်ငွေထွက်ငွေနှိုင်းယှဉ်ပြီး သင့်တင့်တဲ့အိမ်ကိုဝယ်ယူလို့ရတာကြောင့် အဆင်ပြေတယ်လို့ပြောပါတယ်။

Shwe Property နဲ့ AYA Bank တို့ ပူးပေါင်းပြုလုပ်တဲ့ တန်ဖိုးသင့်အိမ်ရာတွေကို ၀ယ်ယူမယ့်သူတွေအနေနဲ့ ၀ယ်ယူမယ့်အိမ်ရဲ့၃၀ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမှာဖြစ်ပြီး ၇၀ရာခိုင်နှုန်းကို (၁၀)နှစ်မှ (၁၅)နှစ်အထိအရစ်ကျပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။ အိမ်ရာဝယ်ယူသူတွေအနေနဲ့ (၃၀)ရာခိုင်နှုန်း၊ ၀န်ဆောင်ခနဲ့ ဘဏ်မှကောက်ခံတဲ့ချေးငွေဆိုင်ရာအခကြေးငွေပေးသွင်းပြီးပါက ၀ယ်ယူခဲ့တဲ့အိမ်မှာစတင်နေထိုင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

တန်ဖိုးသင့်အိမ်ရာဝယ်ယူမယ့်သူတွေအနေနဲ့ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ(မူရင်း)၊ ရဲစခန်းထောက်ခံစာ(မူရင်း)နဲ့  ၀င်ငွေအထောက်အထားဆိုင်ရာစာရွက်စာတန်းများပြသပြီးမှ AYA Bank မှာချေးငွေရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

 

 

 

 

Related News