ဇွန်လပထမပတ်မှာ ဆန်အရောင်းအ၀ယ်တွေအေးနေပြီး လက်ရှိမှာတော့ မူဆယ်ဘက်ကိုအရောင်းအ၀ယ် ပြန်ဖြစ်နေတဲ့အတွက် ဆန်ကြမ်းဈေးရော၊ ဆန်ချောဈေးပါ အနည်းငယ်ပြန်တက်လာတယ်လို့ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း)မှ သိရပါတယ်။ယခုရာသီက ဆန်ပေါ်တဲ့ ရာသီမဟုတ်တာကြောင့် ဆန်စက်ပိုင်ရှင်တွေကလည်း အမြတ်ရှိမှ ဆန်ထုတ်ရောင်းတာဖြစ်ပြီး အခုလက်ရှိမှာတော့ အမြတ်မရနိုင်သေးတာကြောင့် ဆန်ကြိတ်ခွဲမှုတွေမလုပ်တဲ့အတွက် ရန်ကုန်ကိုဆန်ဝင်ရောက်မှုနည်းနေတယ်လို့သိရပါတယ်။

ယခု ဇွန်လ(၂၀)ရက်မှာတော့ မူဆယ်ဘက်ကိုအရောင်းအ၀ယ် ပြန်လိုက်နေတဲ့အတွက်  ဆန်ကြမ်းရော ဆန်ချောပါ တစ်အိတ်ကို ကျပ်(၅၀၀)မှ(၁၀၀၀)ကြားဈေးပြန်တက်လာတယ်လို့     ဆန်စပါးကုန်စည်ဒိုင်(၀ါးတန်း)မှသိရပါတယ်။ဆန်ကြမ်းဈေးတွေကတော့ တစ်အိတ်ကို ပျမ်းမျှကျပ်တစ်သောင်းကျော်ဝန်းကျင်ကနေ နှစ်သောင်းဝန်းကျင်ရှိပြီး ဆန်ချောဈေးတွေကတော့ တစ်အိတ်ကို ပျမ်းမျှ လေးသောင်းခွဲကနေ လေးသောင်းခြောက်ထောင်ဝန်းကျင်လောက်ရှိတယ်လို့ဝါးတန်းလမ်းကုန်စည်ဒိုင်ကစာရင်းတွေအရသိရပါတယ်။

လက်ရှိမှာတော့ ဆန်ချောအမျိုးအစားဖြစ်တဲ့ မြောင်းမြဆန် တစ်အိတ်ကို ငွေကျပ် (၄)သောင်းခွဲမှ (၄)သောင်းခြောက်ထောင် ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ရက်(၉၀)နဲ့ အညာသားဆန်တွေကတော့ တစ်အိတ်ကို ငွေကျပ် (၂)သောင်း(၃)ထောင်(၅)ရာ နဲ့ (၂)သောင်း(၄)ထောင်ကြားဈေးရှိနေပါတယ်။ လက်ရှိမှာ ရန်ကုန်ကို ဆန်အ၀င်နည်းပြီး ဆန်ဈေးအနည်းငယ်တက်နေပေမယ့်  ဆန်အကြမ်းကော အချောပါ ရောင်းအားကောင်းနေရတယ်လို့ ၀ါးခယ်မ ဆန်အကျိုးတော်ဆောင်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဆန်ဈေးတွေဟာ လက်ရှိမိုးရာသီဖြစ်တာရယ် ဆန်စက်ပိုင် ကုန်သည်တွေလက်ထဲမှာလည်း ဆန်လှောင်ထားတာပဲ ရှိတာရယ်နဲ့ လယ်သမားလက်ထဲမှာလည်း စပါးလက်ကျန်မရှိတော့တဲ့အတွက် ဆန်ကုန်စည်ဒိုင်အတွင်းကို ဆန်အချောရောအကြမ်းပါအ၀င်နည်းနေတယ်လို့ သိရပါတယ်။ 

 

 

Related News