သွေးစွန်းသော  ကျောက်စိမ်းခရီး(The Journey of The Blood Jade) ဓာတ်ပုံပြပွဲကို မေလ ၁၆ ရက်ကနေ ၁၈ ရက်အထိ ပြည်သူ့ရင်ပြင်ရှိ The Yangon Gallery မှာ သုံးရက်တာ ခင်းကျင်းပြသသွားမှာပါ။
 
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့မှာ တွင်းထွက်သံယဇာဖြစ်တဲ့ ကျောက်စိမ်းတွေ အလွန်အကျွံထုတ်ယူနေတာတွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံခုနစ်ဆယ်ကျော်ကို  သွေးစွန်းသော  ကျောက်စိမ်းခရီးဓာတ်ပုံပြပွဲမှာ ပြသခဲ့ပါတယ်။ ဓာတ်ပုံဆရာလေးဦးရဲ့ လက်ရာတွေကို ပြသခဲ့တာဖြစ်ပြီး  သဘာဝသယံဇာတကနေရသင့်တဲ့ အခွင့်အရေးတွေ ပြည်သူတွေ ဆုံးရှုံးနေရတဲ့ အကြောင်း ဖော်ထုတ်ပြချင်တာကြောင့် ပြပွဲပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 
 
ကိုယ်တိုင် ဖားကန့်မှာနေပြီး ကျောက်စိမ်းတူးဖော်မှုတွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့သူ ကိုဇော်မိုးထက်ကတော့ ဒီလို ဓာတ်ပုံတွေ ရရှိဖို့ကြိုးစားခဲ့ရသလို ကျောက်စိမ်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ အကျိုးအမြတ်ခံစားခွင့်မရှိသေးတာကို ဖော်ထုတ်ပြချင်တာကြောင့် ဒီပြပွဲမှာ ပါဝင်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။  
 
ဖားကန့်မြို့နယ်က လာရောက်ပြီး ရန်ကုန်မြို့မှာ ကျောင်းတက်နေသူ ကိုဆမ်ကားကတော့ သူ့ရဲ့ မြို့နယ်ကပုံရိပ်တွေကို ဘယ်လိုပုံဖော်ရိုက်ကူးထားလဲဆိုတာ သိချင်တာကြောင့် လာရောက် ကြည့်ရှု ဖြစ်တယ်လို့ပြောပါတယ်။ 
 
ယခုပြပွဲကို နေပြည်တော်၊ မန္တလေးနဲ့ မြစ်ကြီးနားတို့မှာပါ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဓာတ်ပုံပြပွဲကိုတော့ ရန်ကုန်သတင်းစာပညာကျောင်းနဲ့ Natural Resource Governance Institute  တို့က ထောက်ပံ့ကူညီပေးခဲ့တာပါ။ 
 
 

Related News