သင်္ကြန်ကာလနီးကပ်လာတာကြောင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှာ ဆန်အရောင်းအ၀ယ် ပြုလုပ်မှုတွေ လျော့ကျသွားတယ်လို့ သိရပါတယ်။ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ဟာဆန်ကို ပြည်ပပို့ကုန်အဖြစ်တင်ပို့ဖို့တွေအတွက် အရောင်းအ၀ယ် အဓိကပြုလုပ်ကြတဲ့နေရာဖြစ်ပြီး ဧပြီလနဲ့ မေလတွေဟာ ဆန်စပါးပေါ်ချိန်ဖြစ်တာကြောင့် အရောင်းအ၀ယ်ကောင်းတဲ့ ကာလတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့်အခု သင်္ကြန်ကာလပိတ်ရက်ရောက်ဖို့ ရက်ပိုင်းအလိုမှာတော့ ကုန်ပစ္စည်း အ၀င်နည်းသလို အရောင်းအ၀ယ်တွေလည်း လျော့နည်းသွားတယ်လို့သိရပါတယ်။

လက်ရှိဘုရင့်နောင်ကုန်စည်ဒိုင်မှာ သင်္ကြန်ပိတ်ရက်နီးကပ်လာချိန်မှာ ဆန်သား (၆၅)ရာခိုင်နှုန်းပါဝင်တဲ့ ၂၅ မတ်ဆန်နဲ့ ဆန်သား(၉၀)(၉၅)ရာခိုင်နှုန်းပါဝင်တဲ့ (၅)မတ်ဆန်တွေသာ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ရောင်းအားအနေနဲ့ ပြီးခဲ့တဲ့နှစ်က သင်္ကြန်မတိုင်ခင်မှာဈေးကောင်းရခဲ့ပြီးအရောင်းအ၀ယ်ကောင်း ခဲ့ပေမယ့် သင်္ကြန်ပြီးတော့ဈေးကျခဲ့တာကြောင့် ကုန်သည်တွေ အရှုံးပေါ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာလည်း သင်္ကြန်ကာလမတိုင်မီ ပုံမှန်ဈေးဖြစ်ခဲ့ပြီး ဈေးထပ်ကျဖို့တော့ နည်းတယ်လို့ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ သိရပါတယ်။သင်္ကြန်ကာလ ပိတ်ရက်ကြောင့် ဧပြီလ (၆)ရက်ဝန်းကျင်လောက်ကစပြီး ဘုရင့်နောင်ဆန်စပါး ကုန်စည်ဒိုင်မှာ အရောင်းအ၀ယ်တဖြည်းဖြည်းလျော့ကျလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဧပြီလ (၁၁)ရက်မှာတော့ ဆန်သား ၁၁၀.၅ ပေါင်ရှိတဲ့ ၅ မတ်ဆန်ကို (၂၂၀၀၀)ကျပ်၊ (၁၀၈)ပေါင်ရှိတဲ့ (၂၅)မတ်ဆန်ကို (၁၉၅၀၀)ကျပ်ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

 

 

Related News