မြန်မာ့ကားဈေးကွက်မှာ ကားစလစ်ဈေးဟာ ခုဧပြီလဆန်းပိုင်းတွင် သိန်း(၁၀၀)ကျော်ကနေ (၁၁၀)၀န်းကျင်ကို ပြန်လည်ရောက်ရှိလာပြီး (၁၀)သိန်းခန့်ဈေးပြန်တက်လာခဲ့တယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။မြန်မာ့ကားဈေးကွက်မှာ ပြီးခဲ့တဲ့မတ်လ လ၀က်ကျော်လောက်က ကားစလစ်ဈေးဟာ ကျပ်သိန်း(၁၁၀) ၀န်းကျင်ကနေ(၉၅)သိန်းဝန်းကျင်ထိကျဆင်းလာခဲ့တာပါ။

ဒါပေမယ့် ခုရက်ပိုင်း တွင်းမှာတော့ (၂၀၁၁၊၂၀၁၂) မော်ဒယ်၊ ညာမောင်းကားတွေကို ပြန်လည်တင်သွင်း ခွင့်ပြုမယ် ဆိုတာနဲ့ အပ်ကုန်စနစ်နဲ့တင်သွင်းခဲ့တဲ့ ကွန်ဆိုင်းမန့်ကားတွေကို နောက်ထပ် (၆)လ သက်တမ်း ထပ်တိုးပေးမယ်ဆိုတဲ့ သတင်းတွေကြောင့်  ကားစလစ်ဈေး(၁၀)သိန်း ပြန်တက်လာတယ်လို့ ၀ယ်ရောင်းလုပ်ကိုင်နေသူတွေကပြောပါတယ်။ လက်ရှိ စလစ်ကားသီးသန့်ဝယ်ယူရင်တော့  (၁၀၅)သိန်းဝန်းကျင်ရှိပြီး အမည်ပေါက်စလစ်ဆိုရင်တော့ ကျပ်သိန်း(၁၁၀)ခန့်  ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒီရက်ပိုင်း ကားစလစ်ကို မေးသူ၊၀ယ်ယူသူတွေများလာပေမယ့် အပ်ကားတွေဟာလဲ ဈေးကွက်အတွင်း ရှားပါးနေသေးတယ်လို့လဲ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။၂၀၁၈ခုနှစ် နှစ်စကနေ မတ်လအထိတော့ ကားစလစ်ဈေးဟာ ကျပ်သိန်း(၁၁၀)၀န်းကျင်နဲ့(၁၂၀)အောက်မှာ အတက်အကျရှိနေခဲ့တာလည်းဖြစ်ပါတယ်။ စလစ်သက်တမ်းတစ်လျှောက်အမြင့်ဆုံး စံချိန်တင်ဈေးအဖြစ် ၂၀၁၇ ခုနှစ်အတွင်း စံချိန်(၂)ခါချိုးခဲ့ပြီး ၂၀၁၇ခုနှစ် ကားတင်သွင်းခွင့် မူဝါဒနဲ့ လိုင်စင်လျှောက်ထားတာတွေကို ဒီဇင်ဘာ(၁၅)ရက်ထိသာ နောက်ဆုံးထားခွင့်ပြုတော့မယ်လို့ ထုတ်ပြန်လိုက်ပြီးနောက် ဒီဇင်ဘာ(၁၅)ရက်ထိ ငွေကျပ်(၁၄၅)သိန်းခန့်ထိ  ဈေးအမြင့်ဆုံး စံချိန်ချိုးခဲ့တာပါ။

 

 

 

 

 

 

Related News