ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ မြသက်တင်ဆောက်လုပ်ရေးကုမ်္ပဏီတို့ ပူးပေါင်းပြီးဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်စေတီ ၀င်ထွက်ပေါက်အနီး၊ ကမ်းနားလမ်းသစ်နဲ့ ကမ်းနားလမ်းဟောင်းမှာ လူကူးခုံးကျော်တံတားတည်ဆောက် လျက်ရှိပါတယ်။လူကူးခုံးကျော်တံတားတည်ဆောက်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ (၂၀၁၇)ခုနှစ်၊သြဂုတ်လ(၁၈)ရက်မှာ တင်ဒါစတင်ခေါ်ယူခဲ့တာဖြစ်ပြီး ဒီလူကူး ခုးံကျော်တံထား တည်ဆောက်ဖို့ကို စက်တင်ဘာ(၂၀)ရက်မှာ မြသက်တင်ဆောက်လုပ်ရေးကုမ်္ပဏီမှ တင်ဒါအောင်မြင် ခဲ့ပါတယ်။

(၂၀၁၈)ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက်မှာ လူကူးခုံးကျော်တံတား တည်ဆောက်ခွင့်ရရှိခဲ့ပြီး ဖေဖော်ဝါရီ(၂၀)ရက်မှာ လုပ်ငန်းစတင်လုပ်ကိုင်ခဲ့တာပါ။ လူကူးခုံးကျော်တံတား တည်ဆောက်ဖို့အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေမှ ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ မြေအောက်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများ၊ ရေပိုက်လိုင်းများရှာဖွေဖို့ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ တည်ဆောက်မယ့် ခုံးကျော်တံတားပုံစံကိုတော့RC Pile / RC Cap အမျိုးအစားနဲ တည်ဆောက်မှာ ဖြစ်ပြီး အမိုးအကာနှင့် လက်ရမ်းတွေကိုတော့ စတီးကာလာအသုံးပြု သွားမယ်လို့ သိရပါတယ်။ တံတားအရှည်ကတော့(၁၇၄)ပေ ရှည်လျားပြီး စက်လှေကား အတက်တစ်စင်းစီပါဝင်မယ်လို့ သိရပါတယ်။

လုပ်ငန်းကာလအနေနဲ့(၆)လကြာမြင့်မှာဖြစ်ပြီး တံတားတည်ဆောက်ပြီးစီးပါက လမ်းသွားလမ်းလာခရီးသွားပြည်သူတွေအတွက်လည်း ယာဉ်အန္တရယ် ကင်းရှင်းစွာသွားလာနိုင်ပြီး လမ်းကူးရလည်းအဆင်ပြေသွားမယ်လို့ ပြောပါတယ်။တံတားတည်ဆောက်မှုတန်ဖိုးအနေနဲ့ ငွေကျပ်သန်းပေါင်း(၇၀၀)ကျော် ကုန်ကျမယ်လို့ ခန်းမှန်းထားပြီး အခုတည်ဆောက်နေတဲ့ ဗိုလ်တစ်ထောင် လူကူးခုံးကျော်တံတားနဲ့ မဟာမြိုင်မှတ်တိုင်အနီး ပြည်လမ်းမှာတည်ဆောက်နေတဲ့ လူကူးခုံးကျော်တံတား (၂)ခုစလုံးကလည်း မြသက်တင်ဆောက်လုပ်ရေး ကုမ်္ပဏီတစ်ခုတည်းက တင်ဒါအောင်မြင်ခဲ့ကာ လုပ်ငန်းပြီးစီးမှုကာလလည်းတူညီတယ်လို့ သိရပါတယ်။

 

 

 

Related News