လျှောက်ထားမယ့် အလုပ်အကိုင်ရဲ့ လုပ်ငန်းခွင်တွေကို (၃၆၀)ဒီဂရီ သုံးဖက်မြင်(3)ပုံရိပ်တွေနဲ့ ကြည့်ရှုလေ့လာနိုင်ပြီး တိုက်ရိုက်အလုပ်ခေါ်ယူမှုတွေနဲ့အတူ တိုက်ရိုက်ခန့်အပ်ပေးနေတဲ့ အလုပ်အကိုင်ပြပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မတ်လ(၁၀)ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအလုပ်အကိုင်ပြပွဲကို JobNet.com.mm  က တာဝန်ယူပြုလုပ်ပေးတာဖြစ်ပါတယ်။ အလုပ်အကိုင် ရှာဖွေသူတွေကိုယ်တိုင် ကုမ္ပဏီတွေရဲ့ ရုံးခန်း၊ လုပ်ငန်းခွင်တွေကို သွားရောက်ကြည့်ရှုရသလို ခံစားစေရမယ့် (၃၆၀)ဒီဂရီ သုံးဖက်မြင်(3)ပုံရိပ် ဗီဒီယိုတွေကို  ကြည့်ရှုလေ့လာပြီး အလုပ်လျှောက်ထားနိုင်တဲ့ Virtual Reality (VR)  နည်းပညာကို အသုံးပြုထားတဲ့ အလုပ်အကိုင်ပြပွဲတစ်ခုပါ။

ဒီအလုပ်အကိုင်ပြပွဲကို မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ ပြုလုပ်ပေးတာဖြစ်ပြီး မနက်ပိုင်းမှာတင် အလုပ်အကိုင်ရှာဖွေသူ ရာချီ လာရောက်လျှောက်ထားကြတာ ဖြစ်ပါတယ်။ဒါ့ပြင် ပြည်တွင်းက ထိပ်တန်းကုမ္ပဏီတွေအပါအ၀င် ကုမ္ပဏီပေါင်း(၄၀)ကျော်က သူတို့ရဲ့ လိုအပ်တဲ့ရာထူး၊ အထွေထွေအလုပ်အကိုင်တွေကိုပြသကာ တိုက်ရိုက်အလုပ်ခေါ်ယူနေတာဖြစ်တယ် လို့လည်း ပြောပါတယ်။ဒီအလုပ်အကိုင်ပြပွဲမှာ သက်ဆိုင်ရာကုမ္ပဏီအလိုက်  အင်တာဗျူး အခန်းငယ်တွေထား ရှိပေးထားပြီး အလုပ်လျှောက်ထား သူတွေရဲ့ အရည်အချင်းကို ကြိုက်နှစ်သက်ရင်  ချက်ချင်းအင်တာဗျူးပြီး အလုပ်အကိုင်ခန့်ထားပေးနေတာလည်းဖြစ်ပါတယ်။

CB Bank တစ်ခုထဲကပဲ အောက်ခြေ၀န်ထမ်းကနေ မန်နေဂျာရာထူးအထိ ၀န်ထမ်းအင်အား (၅၀၀)၀န်းကျင် ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ဒီအလုပ်အကိုင်ပြပွဲကို အွန်လိုင်းက တဆင့်ကြော်ငြာကာ လာရောက်အလုပ်ရှာဖွေလိုသူတွေကို စာရင်းကြိုတင်ပေးသွင်းစေခဲ့ပြီး စာရင်းပေးသွင်းထားသူ(၅၀၀၀)၀န်းကျင်ရှိတယ်လို့သိရပါတယ်။ ဒါ့ပြင် စာရင်းမပေးသွင်းရသေးဘဲ လာရောက်ကြသူတွေကို လက်ခံ၊ စာရင်းသွင်းယူကာ အလုပ်အကိုင်တွေကို လေ့လာ၊ ရှာဖွေ လျှောက်ထားတာတွေကိုလည်း လက်ခံပေးနေတာ ဖြစ်ပါတယ်။

 

 

Related News