မြန်မာ့နှစ်ကူးအတာသင်္ကြန်ကို ရောက်ရှိချိန်နီးနေပေမဲ့ သင်္ကြန်တေးစီးရီးခွေ ထွက်ရှိမှုက နည်းပါးနေတယ်လို့ တေးသီချင်း ထုတ်လုပ်သူတွေထံမှ သိရပါတယ်။  ထက်ဇာခြည်လှိုင်က တင်ဆက်ပေးပါမယ်။သင်္ကြန်သီချင်းခွေတစ်ခွေဟာ သင်္ကြန်သရုပ်ပေါ်အောင် ရိုက်ကူးထုတ်လုပ်ရတာကြောင့် ငွေကြေးကုန်ကျမှုအနေနဲ့ တစ်ခွေကို အနည်းဆုံးငွေကျပ်သိန်းနှစ်ရာမှ သုံးရာနီးပါး ရှိနေပြီး ကုန်ကျစရိတ်များပြားတာကြောင့် သင်္ကြန်အခွေထွက်ရှိမှုက နည်းပါးတာဖြစ်တယ်လို့ သိရပါတယ်။
 
နှစ်စဉ် ဖေဖော်ဝါရီလနဲ့ မတ်လရောက်ရင် သင်္ကြန်အတွက် သင်္ကြန်သီချင်းခွေ ထွက်ရှိမှုတွေရှိပေမဲ့ အခုနှစ်မှတော့ မတ်လထဲဝင်တဲ့အထိ သင်္ကြန်သီချင်းခွေထွက်ရှိမှု နည်းပါးနေတယ်လို့ မာစတာ တေးသံသွင်းပိုင်ရှင် ဦးလှဌေးကပြောပါတယ်။ ယနေ့ခေတ်မှာ ထုတ်လုပ်တဲ့ သီချင်းတွေရဲ့ အရည်အသွေးတွေကောင်းမွန်ပေမဲ့ အရင်က သင်္ကြန်တေးသီချင်းတွေကိုသာ နားထောင်ကြသူတွေများတယ်လို့ သိရပါတယ်။ 
 
ထွက်ရှိလာတဲ့ သီချင်းခွေတစ်ခွေကို ပြန်လည်ရောင်းချရာမှာတော့ တစ်ခွေကို ငွေကျပ် ၄၀၀၀ ခန့်သာ အများဆုံးရရှိတာဖြစ်ပါတယ်။ သင်္ကြန်သီချင်းခွေတွေဟာ သင်္ကြန်ကာလမတိုင်ခင် မှာသာ ရောင်းချရပြီး သင်္ကြန်အပြီးမှာတော့ ၀ယ်ယူသူမရှိတော့တာကြောင့် ခွေလက်ကျန်တွေကိုတော့ ပြန်လည်သိမ်းဆည်း ထားရတယ်လို့သိရပါတယ်။ ဒါ့အပြင် အင်တာနက်၊ You tube  က တစ်ဆင့် Download ဆွဲ နားထောင်မှုတွေကြောင့် သင်္ကြန်သီချင်းခွေရောင်းချရမှု လျော့နည်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
ပြီးခဲ့တဲ့ နှစ်တွေမှာတော့ သင်္ကြန်သီချင်းခွေထွက်ရှိမှုဟာ ဆယ်ခွေမှအခွေနှစ်ဆယ်ထိ ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ သင်္ကြန်သီချင်းခွေ ရှစ်ခွေကျော်လောက်သာ ထွက်ရှိနိုင်သေးတယ်လို့ တေးသီချင်းထုတ်လုပ်သူတွေထံမှ သိရပါတယ်။ 
 
 
 
 

Related News