ယခုနှစ်မှာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေရှိလာတာကြောင့် ကြိမ်တွေ မခုတ်ခင်မှာ ရေစိုပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။ မိုးရေထိတဲ့ကြိမ်တွေဟာ မှိုတက်ပြီး ဆွေးတာတွေရှိနေတာကြောင့် ကုန်ကြမ်းအဆင့်မှာတင် ဆုံးရှုံးမှုတွေရှိနေတယ်လို့ ကြိမ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသောင်းအေးက ပြောပါတယ်။ ဒီလိုကြိမ်တွေကို ပြည်ပကိုတင်ပို့ဖို့ အသုံးပြုတဲ့ပရိဘောဂတွေမှာ အသုံးပြုနိုင်ခြင်းမရှိဘဲ အရမ်းမပျက်စီးတဲ့ ကြိမ်တွေကိုတော့ ပြည်တွင်းအတွက်ထုတ်လုပ်တဲ့ ဈေးသက်သာ ပရိဘောဂပစ္စည်းတွေမှာ အနည်းငယ်ရောပြီး အသုံးပြုရပြီး ဆိုးဆိုးရွားရွားပျက်စီးတဲ့ ကြိမ်တွေကိုတော့ စွန့်ပစ်ရတာမျိုးတွေရှိနေတယ်လို့ ပြောပါတယ်။ ကြိမ်ကို နယူးဇီလန်၊သြစတြေးလျ ၊ ဘယ်လဂျီယံ၊ တောင်အာဖရိက၊ စပိန်၊ အင်္ဂလန် အစရှိတဲ့နိုင်ငံတွေကို ထိုင်ခုံတွေ ပြုလုပ်တင်ပို့တာတွေရှိနေပြီး ပရိဘောဂပစ္စည်းတွေလဲ တင်ပို့နေရတယ်လို့ သိရပါတယ်။ 
 
ပြည်တွင်းမှာတော့ ဈေးသက်သာတဲ့ ပစ္စည်းမျိုးသာ အသုံးပြုမှုများတာကြောင့် ခြင်းတောင်းများ၊ ခုံအသေးများမှာယူကြပြီး ဟိုတယ်တွေကတော့ ထိုင်ခုံနဲ့ ပရိဘောဂပစ္စည်းတွေ အသုံးများနေတယ်လို့ သိရပါတယ်။မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ ကသာဒေသတွေမှာ ကြိမ်သေးအမျိးအစားတွေ ထွက်ရှိပြီး ကြိမ်ကြီး၊ ကြိမ်လတ်တွေကတော့ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တနင်္သာရီတိုင်း၊ ပဲခူးတို့မှာ ထွက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။ ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတွေကလည်း ကြိမ်ဈေးကွက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေပြီး အရည်အသွေးအနေနဲ့ မြန်မာနိုင်ငံထုတ် ပစ္စည်းတွေဟာ လက်မှုလက်ရာသေသပ်မှုနဲ့ အရည်သွေးကောင်းမွန်ပေမယ့် တခြားနိုင်ငံတွေက ဈေးသက်သက်သာသာနဲ့ ရောင်းချနေတာကြောင့် ယှဉ်ပြိုင်မှုတွေရှိနေတယ်လို့ သိရပါတယ်။
 
 

Related News