ဈေးနှုန်းရော ဈေးကွက်ပါအေးစက်နေတဲ့ ရန်ကုန်စတော့အိတ်ချိန်းမှာတော့ သီလ၀ါရှယ်ယာ တွေကသာ အဓိကအရောင်းအ၀ယ်ဖြစ်နေပါတယ်။ မေလကုန်ပိုင်းကစလို့ သီလ၀ါရှယ်ယာတွေ အရောင်းအ၀ယ်ပြန် တက်လာပြီး တစ်ရက်ကိုရှယ်ယာ တစ်သောင်းနဲ့ နှစ်သောင်းကြားအရောင်း အ၀ယ်ဖြစ်နေပါတယ်။တခြား FMI ၊ MCB နဲ့ FPB ရှယ်ယာတွေကတော့ တစ်ရက်ကို ရာဂဏန်းဝန်းကျင်သာ အရောင်းဖြစ်နေကြပါတယ်။ မြန်မာနိုင်ငံသားများဘဏ် MCB  ရှယ်ယာတွေကတော့ အခုဇွန်လထဲ အရောင်းအ၀ယ်ပြန်တက်လာပြီး ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းကဆို နှစ်ရက်ဆက်တိုက် အရောင်းအ၀ယ်မဖြစ်ရှိတဲ့ နေ့တွေရှိခဲ့ပါတယ်။

သီလ၀ါ (MCB) ရှယ်ယာတွေဟာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး အရောင်းအ၀ယ်တက်လာ ပေမယ့် ဈေးနှုန်းက တော့နည်းနည်းပြန်ကျလာပါတယ်။မေလဆန်းမှာ ရှယ်ယာတစ်ခုကို(၄၁၀၀)ကျပ် လောက်ပေါက် ဈေးရှိခဲ့တဲ့ သီလ၀ါရှယ်ယာတွေက မနေ့ကဇွန်လ ၅ရက်နေ့မှာတော့ (၃၇၅၀)ကျပ် ၀န်းကျင်အထိဈေးပြန်ကျလာပါတယ်။ မနေ့ကဇွန်လ၅ရက်နေ့ ဈေးနှုန်းတွေအရ FMI ရှယ်ယာ တစ်ခုကို ငွေကျပ်တစ်သောင်းငါးထောင့်ငါးရာ၊ မြန်မာနိုင်ငံသားများ ဘဏ်(MCB) တစ်ရှယ်ယာကို ငွေကျပ်ကိုးထောင့်တစ်ရာနဲ့ ပထမပုဂ္ဂလိကဘဏ်ရှယ်ယာတစ်ခုကို နှစ်သောင်းခုနှစ်ထောင် ကျပ် ရှိနေပါတယ်။ဒီကုမ္ပဏီသုံးခုရဲ့ရှယ်ယာတွေကလည်း ပြီးခဲ့တဲ့မေလဆန်းကထက် အနည်းငယ် ဈေးကျနေပါတယ်။

ခြုံကြည့်ရင် ကုမ္ပဏီလေးခုစလုံးရဲ့ရှယ်ယာဈေးတွေဟာ သူတို့ရဲ့ အိတ်ချိန်းမှာ ရှယ်ယာစရောင်းတဲ့အဖွင့်ဈေးအောက်ရောက်နေတုန်းပါပဲ။ ရန်ကုန်စတော့အိတ်ချိန်းဘက်ကတော့ အရောင်းအ၀ယ်လေးကြိမ် အထိတိုးမြှင့်ဖို့လုပ်နေသလို ကုမ္ပဏီ နှစ်ခု သုံးခုလောက်ထပ်လာဖို့ ရှိနေတယ်လို့ ပြောပါတယ်။ လက်ရှိအနေအထားကတော့ တစ်ရက်ကို ကုမ္ပဏီလေးခုကနေ ရှယ်ယာတစ်သောင်းဝန်းကျင် အရောင်းအ၀ယ်ဖြစ်နေပါတယ်။ရန်ကုန်စတော့အိတ်ချိန်းမှာတော့ အရောင်းအ၀ယ်စတင်ခဲ့တဲ့ ၂၀၁၆ မတ်လကနေ တစ်နှစ်အတွင်း ကျပ်ဘီလီယံ (၈၀)တန်ဖိုးရှိတဲ့ ရှယ်ယာ၃သန်းခွဲကျော်အရောင်းအ၀ယ် ဖြစ်ထား ပါတယ်။ ပြီးခဲ့တဲ့မတ်လမှာ ကျပ်၂၄ဘီလီယံဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့ပေမယ့် ဧပြီလမှာတော့ ကျပ်၁ဘီလီယံ စွန်းစွန်းအထိအရောင်း အ၀ယ်ပြန်ကျခဲ့သလို နောက်ဆုံးမေလမှာလည်း ကျပ်၁ဘီလီ ခွဲနီးပါးသာ အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။ 

 

 

Related News