ပေါ်တူဂီနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းတို့ကို  အောက်တိုဘာလ(၁၃)ရက်ညပိုင်းက ဟာရီကိန်း မုန်တိုင်း လက်စလီ တိုက်ခတ်ခဲ့တာကြောင့်  သစ်ပင်ပေါင်းရာချီ လဲကျခဲ့ပြီး အိမ်ပေါင်း(၁၅၀၀၀)ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။  မုန်တိုင်းကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ကိုမသိရသေးပေမဲ့ ဒေသခံတွေကို အပြင်မထွက်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။ 

မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်တွေကိုလည်းဖျက်သိမ်းခဲ့ရပါတယ်။ မုန်တိုင်းက ပေါ်တူဂီနိုင်ငံကို ၀င်ရောက်တိုက်ခတ် ချိန်မှာ  တစ်နာရီလေတိုက်နှုန်း  (၁၀၉) မိုင်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။  ဟာရီကိန်း လက်စလီ တိုက်ခတ်မှုကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမှုတွေဖြစ်လာနိုင်တယ်လို့  ပေါ်တူဂီလူထု ကာကွယ် စောင့်ရှောက်ရေးအဖွဲ့အကြီးအကဲ  လူဝစ်ဘလို ကော့စတာက သတိပေးထားပါတယ်။ 

ပေါ်တူဂီနိုင်ငံထဲက  " လစ်စဘွန်၊ စီတူဘာ၊ လီရီယာ၊ ကွန်ဖရာ၊ အဖီရို၊  ပေါ့တို၊ ဘရာဂါ၊ ဗီယာနာ ဒိုကက်စတီလို၊ ဗီလာရီးရဲလ်၊ ကက်စတီလို ဖရန်ကို၊ ဗီဆီရို၊  ဂါဒါနဲ့ စန်တရန်မြို့"တွေမှာ  ဟာရီကိန်းသတိပေးချက်အနေနဲ့ အနီရောင် သတိပေးမှုထုတ်ပြန်ထားပါတယ်။    

 

 

 

Related News