ဂျပန်နိုင်ငံ၊ ဂန်မာစီရင်စုက မီးတောင်တစ်လုံးပေါက်ကွဲခဲ့တာကြောင့် လူ(၁)ဦးသေဆုံးခဲ့ပြီး ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအ၀င် အနည်းဆုံးလူ(၁၁)ဦးဒဏ်ရာရခဲ့ပါတယ်။ ဂျပန်နိုင်ငံမြို့တော်တိုကျိုမြောက်ဘက်မှာရှိတဲ့မီးတောင်(၁)လုံးပေါက်ကွဲခဲ့တယ်လို့ ဂျပန်မိုးလေ၀သဌာနကပြောခဲ့ပြီး အခုပေါက် ကွဲမှုကြောင့် သေဆုံးသူ(၁)ဦးရှိခဲ့တဲ့အပြင် ဒဏ်ရာရသူအနည်းဆုံး(၁၁)ဦးရှိခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့နဲ့မီးသတ်သမားတွေကပြော ပါတယ်။ ဇန်န၀ါရီလ(၂၃)ရက်မနက်ပိုင်းမှာ ဂန်မာစီရင်စုကကုဆာဆူရှီရာနဲမီးတောင်ကနေ မီးခိုးတွေထွက်နေတာကြောင့် သတိ ပေးမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး ဂျပန်မိုးလေ၀သဌာနကပြောပါတယ်။ တောင်ထိပ်မှာဆင်ထားတဲ့ အာရုံခံကိရိယာတွေကနေ မြေပြင်လှုပ်ရှားမှုတွေနဲ့ ငလျင်အသေးစားတွေကို ထောက်လှမ်းမိခဲ့ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် လွင့်လာတဲ့အပျက်အစီးတွေဟာ မီးတောင်နဲ့တစ်ကီလိုမီတာလောက်အကွာမှာတွေ့ခဲ့ရတယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲရာကလွင့်ထွက် လာတဲ့ကျောက်တုံးတွေထိမှန်ခဲ့တာကြောင့် ကူဆာဆုနှင်းလျှောစီးစခန်းက လူ(၄)ဦးဒဏ်ရာရခဲ့ပြီး ကျောက်တုံးတွေထိမှန်ခဲ့တာ ကြောင့် ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်(၆)ဦးဒဏ်ရာရခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်မိုးလေ၀သဌာနက အန္တရာယ်သတိပေးချက်အဆင့်(၃)သတ်မှတ်ထားပြီး မီးတောင်ပတ်ဝန်းကျင်ကိုလာ ရောက်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့်မီးတောင်ပတ်ဝန်းကျင်မှာရှိတဲ့နှင်းလျှောစီးစခန်းက လူ(၆)ဦး ကိုကယ်ဆယ်ခဲ့ရတယ်လို့လည်း သိရပြီး အဲဒီမှာပဲ လူ(၁)ဦးသေဆုံးခဲ့ပါတယ်။

 

Related News