ဒီဇင်ဘာလ(၂၀)ရက်ညပိုင်းမှာ အီရန်နိုင်ငံမြို့တော် တဟီရန်နားက မလာ့ဒ်မြို့နားမှာ ငလျင်ပြင်းအား(၅.၂)မဂ္ဂနီကျူ့အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဟာ တဟီရန်ခရိုင်နဲ့ အယ်ဘော့ဇ်ခရိုင်တို့ကြားမှာလှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ငလျင်ဗဟိုချက်က မြေအောက်(၇)ကီလိုမီတာအကွာမှာ ရှိခဲ့တာဖြစ်တယ်လို့ အီရန်ငလျင်ဌာနက ပြောပါတယ်။ ငလျင်ကြောင့် တဟီရန်ခရိုင်တွင်းမှာ အသေးစားပျက်စီးမှုတွေရှိခဲ့ပြီး လူတွေရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့လတုန်းက အီရန်နဲ့အီရတ်နယ်စပ်ဒေသမှာ ငလျင် ပြင်းအား(၇.၁)မဂ္ဂနီကျူ့ အဆင့်ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက် အခုငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
 
အခုငလျင်ကြောင့် အယ်လ် ဘော့ဇ်ခရိုင်မှာ သေဆုံးသူ(၁)ဦးရှိခဲ့ပြီး တဟီရန်နဲ့အနားကခရိုင်တွေမှာ ဒဏ်ရာရသူ(၉၇)ဦးရှိခဲ့တယ်လို့ အီရန်လခြမ်းနီအဖွဲ့ရဲ့ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာန အကြီးအကဲကပြောပါတယ်။ ငလျင်လှုပ်ခတ်တဲ့ဒဏ်ကို တဟီရန်ခရိုင်ရဲ့ အနောက်ဘက်၊ မြောက်ဘက်၊ အနောက်မြောက်ဘက်နဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ခရိုင်တွေမှာလည်း ခံခဲ့ရတယ်လို့ လခြမ်းနီအဖွဲ့ကပြောပါတယ်။ ငလျင်ကြောင့် တဟီရန်မြို့နဲ့ ကာရာ့ဂ်ျမြို့တွေက တယ်လီဖုန်းလိုင်းတွေပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အင်အားပြင်းထန်တဲ့ငလျင်တွေ လှုပ်ခတ်ခဲ့တဲ့ဒဏ်ကိုခံခဲ့ရ ပါတယ်။ 
 
 
 

Related News