ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေကို အပူပိုင်းမုန်တိုင်းကီရိုဂျီဝင်တိုက်ခဲ့လို့ မိုးကြီးခဲ့ပြီး ရေကြီးမှုတွေ ဖြစ်ခဲ့လို့ မြေနိမ့်ပိုင်းက အိမ်ခြေ(၃၀၀)လောက်ကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။အပူပိုင်းမုန်တိုင်း ကီရီုဂျီဝင်တိုက်ခဲ့လို့ ထိုင်းနိုင်ငံအနောက်ပိုင်းကနာမည်ကျော်အပန်းဖြေစခန်းတွေရှိတဲ့ ဟွာဟင်းခရိုင်မှာ မိုးကြီး နေပြီး ရေလွှမ်းမိုးမှုတွေဖြစ်နေပါတယ်။ နိုဝင်ဘာလ(၂၀)ရက်ညပိုင်းကနေ နိုဝင်ဘာ(၂၁)ရက်မနက်ပိုင်းအထိ ဆက်တိုက်မိုးကြီး နေခဲ့တာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းက ပရာချွတ် ခီရီခန်းစီရင်စုမှာရှိတဲ့ ဟွာဟင်းခရိုင်နဲ့တခြားဒေသတွေမှာ  ရေကြီးမှုတွေ ဖြစ်နေတာပါ။
 
ရေကြီးနေတာကြောင့် ဟွာဟင်းခရိုင်အတွင်းက ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှု တွေ ဖြစ်နေပါတယ်။ ခရိုင်အုပ်ချုပ်ရေးရုံးနားက စီးပွားရေးဌာနဟာလည်း ရေကြီးမှုကြောင့် ပိတ်ထားရပြီး ကျောင်းတွေမှာ လည်း အတန်းချိန်တွေ ရွှေ့ဆိုင်းထားရပါတယ်။ ရေကြီးမှုသက်သာစေဖို့ ဒေသအာဏာပိုင်တွေက ရေစုပ်စက်တွေပိုသုံးပြီး ရေတွေစုပ် ထုတ်ခဲ့ပေမဲ့ မိုးဆက်ရွာနေတာကြောင့် အခက်အခဲတွေ့နေပါတယ်။
 
ရေအမြင့်(၂)မီတာလောက်အထိ မြင့်တက်လာ တာကြောင့် မြေနိမ့်ပိုင်းဒေသမှာရှိနေတဲ့ အိမ်အလုံး(၃၀၀)လောက်မှာ နေထိုင်တဲ့ မိသားစုတွေကို ရွှေ့ပြောင်းပေးခဲ့ရတယ်ဆိုပြီး ခရိုင် အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ပရာချွတ် ခီရီခန်းစီရင်စု၊ ဘန်ကောက်ခရိုင်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အပူပိုင်းမုန်တိုင်းကြောင့် မိုးပိုကြီးလာနိုင်ပြီး နေရာကွက်ကျားမိုးကြီးနိုင်တယ်လို့ ထိုင်းမိုးလေ၀သဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
 
 
 

Related News