ဟာရီကိန်းမုန်တိုင်းအာမာဟာ ယခုတစ်ပတ်အကုန်မှာ အမေရိကန်နိုင်ငံရဲ့ ဖလော်ရီဒါ ကမ်းခြေဒေသကို တိုက်ခတ်ဖွယ်ရှိနေပြီး ဖလော်ရီဒါကို ၀င်တိုက်တဲ့အချိန်မှာ အင်အားလျော့သွားဖွယ် ရှိတယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းဌာနက ခန့်မှန်းပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဟာရီကိန်းမုန်တိုင်းအာမာဟာ ကာရေဘီယံဒေသကို ၀င်ရောက်တိုက်ခတ်နေပြီး မုန်တိုင်းဒဏ်ကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့တဲ့အပြင် ကျွန်းငယ်တွေဟာလည်း ရေကြီးတဲ့ဒဏ်ခံနေရပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူ(၁၃)ဦးရှိခဲ့ပြီဖြစ်ပါတယ်။ ဟာရီကိန်းမုန်တိုင်းအာမာဟာ အမေရိကန် ပြည်ထောင်စုတောင်ပိုင်းကို ဗုဒ္ဓဟူးနေ့မှာ ၀င်ရောက်ခဲ့တဲ့အတွက် လေကြောင်းလိုင်းတွေဟာ ခရီးစဉ်တွေပြန်စီစဉ်ခဲ့တာနဲ့ ဖျက်သိမ်းတာတွေပြုလုပ်ခဲ့ပြီး မုန်တိုင်းဝင် ရောက်ဖွယ်ရှိနေပေမယ့် လေယာဉ်လက်မှတ်ဖိုး တိုးမြှင့်ကောက်ခံသွားမှာ မဟုတ်ဘူးလို့ လေကြောင်းလိုင်းတွေဘက်က ပြောထားပါတယ်။ မုန်တိုင်းဦးတည်တိုက်ခတ်မယ့်နေရာက ဘယ်ဘက်ဖြစ်မလဲဆိုတာ မသေချာသေးတဲ့အတွက် မုန်တိုင်းဝင်ရောက်ဖွယ်ရှိနေတဲ့ ဒေသတွေကိုသွားတဲ့ ခရီးစဉ်တွေကိုတော့ ဖျက်သိမ်းထားပြီဖြစ်ပါတယ်။ ဟာရီကိန်း မုန်တိုင်းအာမာဟာ တစ်နာရီကို(၁၈၀)မိုင်နှုန်းနဲ့ ကာရေဘီယံဒေသတွင်းက ပေါ်တိုရီကိုကျွန်းမြောက်ပိုင်းကို တိုက်ခတ်ခဲ့ပါတယ်။ ဒါ့ပြင် နောက်ထပ် မုန်တိုင်း(၂)ခုဟာလည်း ဟာရီကိန်းမုန်တိုင်းတွေအဖြစ်ပြောင်းလဲနိုင်ချေရှိနေတယ်လို့ မိုးလေ၀သ သတင်းတွေမှာဖော်ပြနေပါတယ်။

 

Related News