(၂၀၁၉-၂၀၂၀) ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွေကိုတော့ သြဂုတ်လ (၁၀) ရက်နေ့ကစ တင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အဆိုပါအဖွင့်ပွဲစဉ်မှာ အင်္ဂလိပ် ကစားသမားတွေရဲ့ ပွဲထွက်မှုနှုန်းဟာ (၈၃) ဦးအထိပွဲထွက် ခွင့်ရခဲ့တယ်လို့သိရပါတယ်။(၂၀၁၀-၁၁) ဘောလုံးရာသီရဲ့အဖွင့်ပွဲစဉ်မှာ အင်္ဂလိပ်ကစားသမားတွေရဲ့ပွဲထွက်ခွင့်ရရှိခဲ့တဲ့ပမာဏ ဟာ (၈၅) ဦးအထိရှိခဲ့ပြီး၊ အဆိုပါပမာဏဟာ ရာသီသစ်ရဲ့အဖွင့်ပွဲစဉ်မှာ အင်္ဂလိပ်ကစားသမားပါဝင်မှုနှုန်းအ များဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။ လက်ရှိ (၂၀၁၉-၂၀၂၀) ဘောလုံးရာသီ သစ်မှာတော့ (၂၀၁၀-၂၀၁၁) ဘောလုံးရာသီကမှတ်တမ်းတင်ထားခဲ့တဲ့ အင်္ဂလိပ်ကစားသမားအများဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ပမာ ဏနီးပါးရှိခဲ့ပြီး၊ ကစားသမား (၈၃) ဦးအထိပွဲထွက်ခွင့်ရခဲ့ပါတယ်။ အဆိုပါကစားသမား (၈၃) ဦးမှာမှ နာမည် ကြီးကလပ်အသင်း (၆) သင်းမှာ အင်္ဂလိပ်ကစားသမားတွေကို ပွဲထွက်ခွင့်ပေးခဲ့မှုက (၂၂) ဦးအထိရှိခဲ့ပါတယ်။ နာမည်ကြီးကလပ်အသင်း (၆) သင်းမှာ အင်္ဂလိပ်ကစားသမားတွေကိုအများဆုံးပွဲထွက်ခွင့်ပေးခဲ့တဲ့အသင်းက မန်ယူအသင်းဖြစ်ပြီး၊ ဘီဆာကာ၊ မက်ဂွါရီ၊ လုခ်ရှော၊ လင်ဂတ်နဲ့ ရက်ဖို့ဒ်တို့ (၅) ဦးကိုပွဲထွက်ခွင့်ပေးခဲ့ပါ တယ်။

မန်ယူအသင်းနောက်မှာတော့ အာဆင်နယ် အသင်းနဲ့ စပါးစ်အသင်းတို့က ကစားသမား (၄) ဦးစီ၊ ချယ် လ်ဆီး၊ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့က ကစားသမား (၃) ဦးစီအသုံးပြုခဲ့ပါတယ်။ အင်္ဂလိပ်ကစား သမား (၂၂) ဦးအထိအသုံးပြုခဲ့တဲ့ အသင်းကြီး (၆) သင်းရဲ့ပမာဏဟာ (၂၀၁၆-၁၇) နောက်ပိုင်း၊ ပထမဦးဆုံး အကြိမ်အဖြစ် အင်္ဂလိပ်ကစား သမားတွေကို ပွဲထွက်ကစားသမားအဖြစ်အများဆုံးအသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ကစားသမား (၈၃) ဦးအထိအသုံးပြုခဲ့မှုမှာ အဆိုပါကစားသမား (၈၃) ဦးရဲ့အသက်ဟာ (၃၀) အောက် ဖြစ်ခဲ့ပြီး၊ ပျမ်းမျှအားဖြင့်ကတော့ အသက် (၂၃) နှစ်နဲ့ (၃၅၁) ရက်သာရှိနေသေးတာဖြစ်ပါတယ်။ အင်္ဂလိပ်ကစားသမားအများစုနေရာရလာခဲ့တာဟာ သက်တမ်းအလိုက်အင်္ဂလန်လက်ရွေးစင်အသင်းတွေအတွက် ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး၊ ပွဲစဉ် (၂) မှာရော အင်္ဂလိပ်ကစားသမားဘယ်နှဦးအထိ ပွဲထွက်ခွင့်ရဦးမလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

 

 

Related News