ပြီးဆုံးသွားခဲ့တဲ့ (၂၀၁၈-၁၉) ဘောလုံးရာသီမှာ လာလီဂါဆုဖလားတစ်လုံးတည်းသာရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ အသင်းဟာ လက်ရှိအပြောင်း အရွှေ့ကာလမှာ အသင်းရဲ့ ကစားသမားအများစုကိုရောင်းချကာ နာမည်ကြီး ကစားသမားသစ်တွေခေါ်ယူသွားဖို့အတွက် ပြင်ဆင်နေခဲ့ပါတယ်။(၂၀၁၈-၁၉) ဘောလုံးရာသီဟာ ဘာစီလိုနာအသင်းအတွက် အောင်မြင်မှုတွေနဲ့ပြည့်နှက်ခဲ့တဲ့ဘောလုံး ရာသီတစ်ခုမဟုတ်ခဲ့ပဲ၊ ဆုဖလား (၃) လုံးအထိရယူနိုင်မယ့်အခွင့်အရေးတွေရှိခဲ့ပေမယ့် စပိန်ဘုရင့်ဖလားပြိုင်ပွဲ မှာဒုတိယဆုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ခဲ့တဲ့ဘာစီလိုနာအသင်းဟာ အစောပိုင်းကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ အသင်းရဲ့ နည်းပြဗယ်ဗာဒီကိုထုတ် ပယ်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့နည်းပြဗယ်ဗာဒီကိုထုတ်ပယ်တော့မှာမဟုတ်ပဲ၊ အသင်းကိုအောင်မြင်မှုတွေထပ်မံရယူနိုင်ဖို့အတွက် နာမည်ကြီးကစားသမားတွေကိုခေါ်ယူပေးသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမား (၁၁) ဦးအထိရောင်းချသွားဖို့အတွက်ပြင်ဆင်နေခဲ့ပြီး၊ အဆိုပါကစားသမားတွေထဲမှာ နာမည်ကြီးကစားသမားတွေ အဖြစ် ကော်တင်ညို၊ ဒမ်ဘီလီ၊ ရာကီတစ်နဲ့ အမ်တီ တီတို့ပါဝင်နေခဲ့ပြီး၊ အခြားသောကစားသမားတွေအဖြစ် ဗာမေးလန်း၊ ဘိုတန်၊ ဆီလက်ဆင်၊ ဆီမီဒီ၊ ရာဖင်ဟာနဲ့ မယ်ကွန်တို့ပါဝင်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အဆိုပါကစားသမားတွေကိုရောင်းချသွားဖို့စီစဉ်နေသလို၊ အခြားသော နာမည်ကြီးကစားသမားတွေအဖြစ်လည်း ကစားသမားဟောင်းနေမာနဲ့ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း တို့ကို ခေါ်ယူဖို့စီစဉ်နေခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ လာမယ့် (၂၀၁၉-၂၀၂၀) ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေကို ပြန်လည်စိန်ခေါ်လာနိုင်မယ့် အခြေအနေထိရောက်ရှိအောင်ပြင်ဆင်သွားဖို့ရှိနေပြီး၊ လာမယ့်အ ပြောင်းအရွှေ့တွေမှာ ဘာစီလိုနာအသင်းရဲ့ နာမည်ကြီးအပြောင်းအရွှေ့ တွေဖြစ်ပေါ်လာမလားဆိုတာ စောင့် ကြည့်ရတော့မှာဖြစ်ပါတယ်။

 

 

Related News