ဖူလ်ဟမ်အသင်းဟာ ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ရှုံးပွဲထပ်မံကြုံ တွေ့ခဲ့မှုကြောင့် ဟက်ဒါဖီးလ်တောင်း အသင်းရဲ့ နောက် ဒုတိယမြောက်တန်းဆင်းခဲ့ရတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)အဖြစ် ၀က်ဖို့ဒ်အသင်းကို အဝေးကွင်းမှာသွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး၊ (၄) ဂိုး (၁) ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပွဲစဉ်(၃၃)ပွဲယှဉ်ပြိုင် ကစားပြီးချိန်မှာ ရမှတ် (၁၇) မှတ်သာစုဆောင်းနိုင်ခဲ့ပြီး၊ အဆင့် (၁၈) နေရာက ကာဒစ်စီးတီးအသင်းနဲ့လည်း ရမှတ် (၁၁) မှတ်အထိကွာဟသွားခဲ့တာကြောင့် တန်းဆင်းသွားခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) အပြီးမှာ အစောဆုံးတန်းဆင်းခဲ့ရတဲ့အသင်းအဖြစ် ဟက်ဒါဖီးလ်တောင်းအသင်းက ရမှတ် (၁၄) မှတ်နဲ့တန်း ဆင်းခဲ့ရပြီး၊ (၄)ရက်အကြာ မှာပဲ ဖူလ်ဟမ်အသင်းက ဒုတိယမြောက်အသင်းအဖြစ်တန်းဆင်းခဲ့ရပါတယ်။ ဖူလ် ဟမ်အသင်းဟာ ယခုနှစ်ရာသီ အစကမှ ပရီးမီးယားလိဂ် ပြိုင်ပွဲကိုတန်းတက်လာခဲ့တဲ့အသင်းဖြစ်ပြီး၊ ပေါင်သန်း (၁၀၀) ကျော်အသုံးပြုကာ ပြင်ဆင်မှုအကြီးစားပြု လုပ်ထားခဲ့တဲ့ အသင်းဖြစ်ပါတယ်။

ဒါ့အပြင်နည်းပြအပြောင်းအ လဲအဖြစ်လည်း ရာသီအစကနည်းပြဖြစ်တဲ့ ဂျိုကန်နိုဗစ်၊ လက်ခ်ျစတာစီးတီး အသင်းနည်းပြ ဟောင်း ရာနီရေးရီတို့ ကို နည်းပြရာထူးကနေထုတ်ပယ်ခဲ့ပြီး၊ လက်ရှိမှာတော့ ယာယီနည်းပြအဖြစ် လက်ထောက်နည်းပြ စကော့ပါကားကို နည်းပြအဖြစ်ခန့်အပ် ထားခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းဟာ (၂၀၁၃-၁၄) ဘောလုံးရာသီအကုန်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီး၊ (၄) နှစ်အကြာမှာ တော့ ပထမဦးဆုံးအကြိမ်ပြန်လည်တန်းတက်လာခဲ့ပေမယ့်လည်း ထပ်မံတန်းဆင်းခဲ့ရပါတယ်။ (၂၀၁၈-၁၉) ဘောလုံးရာသီကတော့ ပြီးဆုံးဖို့အတွက်တစ်ဖြည်းဖြည်းနီးကပ်လာခဲ့ပြီး၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရာသီအကုန်မှာတန်းဆင်းရမယ့်အသင်းအဖြစ်(၂)သင်းထွက် ပေါ်လာခဲ့ပြီဖြစ်ပါတယ်။လက်ရှိရာသီအကုန်မှာ တန်းဆင်းရမယ့်လက်ကျန်တစ်နေရာအတွက်ကတော့ ကာဒစ်စီးတီးအသင်းက ရာခိုင်နှုန်းအားဖြင့်များနေခဲ့ပြီး၊ သူ့ရဲ့ အထက်မှာတော့ ဘန်လေ၊ ဆောက်သမ်တန်၊ ဘရိုက်တန်အသင်းတို့ကလည်း လက်ကျန်ပွဲစဉ် (၅)ပွဲအပြီးမှာ တန်းဆင်းသွားရမယ့် အခြေ အနေတွေလည်း ရှိနေတာဖြစ်ပါတယ်။

 

Related News