ချန်ပီယံလိဂ်ပြိုင်ပွဲတွေဟာ လက်ရှိမှာတော့ ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီး၊ ယခင်နှစ် တွေကပြိုင်ပွဲကို စိုးမိုးထားခဲ့တဲ့ စပိန်ကလပ်တွေရဲ့ ခြေချော်မှုတွေကို အင်္ဂလန်ကလပ်အသင်းတွေအနေနဲ့ အကောင်းဆုံးအခွင့်အရေးတွေ ယူထားနိုင်ခဲ့ပါတယ်။ ယခုနှစ်ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ကို အင်္ဂလန်ကလပ်အသင်းတွေကအများဆုံးအဖြစ် ကလပ်အသင်း (၄) သင်းအထိတက်ရောက် ထားနိုင်ခဲ့ပြီး၊ စပိန်နဲ့ ဂျာမန်ကလပ် (၃) သင်း၊ ပြင်သစ်ကလပ် (၂) သင်း၊ ပေါ် တူဂီနဲ့ နယ်သာလန်ကလပ် (၁) သင်းစီတက်ရောက်ထားခဲ့ကြ ပါတယ်။ ဒါပေမယ့်လည်းကွာတားဖိုင်နယ်အဆင့် ကိုတော့ စပိန်ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းတစ်သင်းတည်းသာတက်ရောက် နိုင်ဖွယ်ရှိနေခဲ့ပြီး၊ မက် ဒရစ်အခြေစိုက် (၂) သင်းကတော့ (၁၆)သင်းအဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။

စပိန်ကလပ်ဘာစီလိုနာအသင်းဟာ မနက်ဖြန်မနက်အစောပိုင်းမှာ ပြင်သစ်ကလပ်လိုင်ယွန်အသင်းကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အင်္ဂလန် ကလပ်အသင်းတွေဖြစ်ကြတဲ့ မန်ယူ၊ မန်စီးတီး၊ စပါးစ်အသင်းတို့က ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်ထား နိုင်ခဲ့ကြပြီး၊ မနက်ဖြန်မနက် အစောပိုင်းမှာလည်း လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ စပိန်ကလပ် အသင်းတွေဟာ (၂၀၁၀) နောက်ပိုင်း ချန်ပီယံဆုကို (၆)ကြိမ်အထိရယူထားနိုင်ခဲ့ပြီး၊ ယခုနှစ်မှာတော့ စပိန်ကလပ်အသင်းတွေရဲ့ ကြီးစိုးမှုဟာ လျော့ကျလာနိုင်ဖွယ်ရှိနေခဲ့ပါတယ်။

မနက်ဖြန်မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်း သာ အနိုင်ရရှိခဲ့ပါက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း(၈)သင်းမှာ အင်္ဂလန်ကလပ်အသင်း(၄)သင်းအထိ ပါဝင်မှာ ဖြစ်ပါတယ်။ယခင်ကစပိန်ကလပ်အသင်းတွေရဲ့ ကြီးစိုးမှုမတိုင်မီ အင်္ဂလန်ကလပ်အသင်းတွေရဲ့ ကြီးစိုးမှုတွေရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ အင်္ဂလန်ကလပ် အသင်းတွေရဲ့ ခေတ်တစ်ခေတ် ပြန်လည်ဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

 

 

Related News