ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းကိုပါ ဖိအားပေးထားနိုင်တဲ့ စပါးအသင်းဟာ လာမယ့် ဇန်န၀ါရီလယ်ကနေလကုနအထိ အဓိက ကစားသမား ဆွန်ဟောင်မင် ကို နိုင်ငံလက်ရွေးစင်အသင်းအတွက် လက်လွတ်ရမှာဖြစ်ပါတယ်။

အာရှကြယ်ပွင့်တစ်ဦးဖြစ်တဲ့ဆွန်ဟောင်မင်ဟာ လာမယ့်နှစ်ဇန်န၀ါရီလ(၅)ရက်နေ့ကနေ ဖေဖော်ဝါရီလ (၁)ရက်နေ့ထိ ကျင်းပမယ့် အာရှတိုက်ရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အာရှဖလားပြိုင်ပွဲကို တောင်ကိုရီးယားအ သင်းနဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်ရမှာပါ။

တောင်ကိုရီးယားအသင်းဟာ အဖွင့်ပွဲစဉ်ကို ဇန်န၀ါရီလ(၇)ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်နဲ့ စပါးအသင်းတို့ညှိနိုင်းမှုအရ ဆွန် ဟောင်မင်ဟာ အုပ်စုတွင်းရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တရုတ်အသင်းနဲ့ပွဲစဉ်မှ စတင်ပါဝင်ကစားမှာဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းဟာ (၂၀၁၉)ခုနှစ် အာရှဖလားပြိုင်ပွဲရဲ့ အုပ်စု(C)မှာ တရုတ်၊ ကာဂျစ်စတန်၊ ဖိလစ်ပိုင် အသင်းတို့နဲ့ကျရောက်နေပါတယ်။

စပါးအသင်းဟာ ဆွန်ဟောင်မင်ကို ပြိုင်ပွဲစတင်တဲ့ ဇန်န၀ါရီလ(၅)ရက်နေ့ ကတည်းက စေလွတ်ဖို့ကို ငြင်းဆန်ခဲ့ပြီး ဇန်န၀ါရီလ(၅)ရက်နေ့နောက်ပိုင်းမှာ စပါးအသင်းက ချယ်ဆီးအသင်းနဲ့ လိဂ်ဖလားဆီးမီးဖိုင်နယ် ပထမအကျော့၊ မန်ယူအသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အဲဒီပွဲစဉ်တွေအပြီးမှ ဆွန်ဟောင်မင်ကို လက်လွတ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆွန်ဟောင်မင်ဟာ တောင်ကိုရီး ယားအသင်းအတွက် အုပ်စုနောက်ဆုံးပွဲစဉ်မှ စတင်ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

အာရှဖလားပြိုင်ပွဲမှာ တောင်ကိုရီး ယားအသင်းကွာတားဖိုင်နယ်ထိတက်ရောက်ရင်တောင် ဆွန်ဟောင်မင်ကို စပါးအသင်းက ဇွန်န၀ါရီလ(၂၄)ရက် နေ့ထိ လက်လွတ်ထားရမှာဖြစ်ပြီး တောင်ကိုရီးယားအသင်းဟာ ဗိုလ်လုပွဲတက်ရောက်ခဲ့မယ်ဆိုရင် ဖေဖော်ဝါရီ လမှ အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ဆွန်ဟောင်မင်ဟာ ယခုနှစ်ရာသီ စပါးအသင်းအတွက်အ ကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပြီး နောက်ဆုံး(၃)ပွဲမှာ (၅)ဂိုးထိသွင်းယူတာအပါအ၀င် နောက်ဆုံး(၇)ပွဲမှာ (၇)ဂိုးသွင်းထားပါတယ်။ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းနဲ့ ပူးပေါင်းနေတဲ့ကာလအတွင်း စပါးအ သင်းအတွက် ပွဲစဉ်(၅)ပွဲခန့်ကို လွဲချော်မှာဖြစ်ပြီး ဖူလ်ဟမ်၊ ၀က်ဖို့စ်၊ နယူးကာဆယ်အသင်းတို့နဲ့ပွဲစဉ်တွေအပြင် FA ဖလားစတုတ္ထအဆင့်ပွဲစဉ်နဲ့ ချယ်ဆီးအသင်းနဲ့ လိဂ်ဖလားဆီးမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တို့ကိုလွဲချော် မှာပါ။

 

 

Related News