၂၀၁၈-၁၉ UEFA Nation League ၊ League A အုပ်စု(၄)ရဲ့ ဒုတိယအကျော့ပွဲစဉ်အဖြစ် စပိန်အသင်းနဲ့ အင်္ဂလန်အသင်း တို့ပွဲစဉ်မှာ စပိန်အသင်းက အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး နည်းပြလူးဝစ်အန်းနရစ်လက်ထက်ပထမ ဆုံးရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ စပိန်အသင်းဟာ (၂၀၁၈)ကမ္ဘာ့ဖလားမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီး နည်းပြသစ်အဖြစ် ဘာစီလိုနာ နည်းပြဟောင်း လူးဝစ်အန်းနရစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ လူးဝစ်အန်းနရစ်လက်ထက်မှာ ရာနှုန်း ပြည့်နိုင်ပွဲရရှိနေပြီး အင်္ဂလန်အသင်းကိုပထမအကျော့အဝေးကွင်းမှာ (၂)ဂိုး၊(၁)ဂိုး၊ ခရိုအေးရှားအသင်းကို(၆)ဂိုး ပြတ်၊ ဝေးလ်အသင်းနဲ့ခြေစမ်းပွဲ မှာ(၄)ဂိုး၊(၁)ဂိုးနဲ့ နိုင်ပွဲတွေရရှိခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလန်အသင်းကိုအိမ်ကွင်းမှာ လက်ခံကစားတဲ့ ယခုဒုတိယအကျော့ ပွဲစဉ်မှာတော့ ပထမပိုင်းမှာ အမှားများစွာနဲ့အတူ (၃)ဂိုး၊(၂)ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။ စပိန်အသင်းဟာ အင်္ဂလန်နဲ့ပွဲစဉ်မှာ အဓိက ကစားသမားတွေနဲ့ပွဲထွက်ခဲ့ပေမယ့် အင်္ဂလန်အသင်းမှ လူငယ်ကစားသမားတွေရဲ့ရုန်းအားကြောင့် ခက်ခက်ခဲခဲကစားခဲ့ရပြီး ပထမပိုင်းမှာ တင်စတာလင်၊ရက်ရှ်ဖို့စ်တို့ရဲ့ သွင်းဂိုး(၃)ဂိုးကိုခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ စပိန်အသင်းက ကစားအား တက်လာခဲ့ပေမယ့် သရေကျတဲ့အ ထိကစားနိုင်ခြင်းမရှိခဲ့ပဲ (၂)ဂိုးသာပြန်လည်သွင်းယူနိုင်ခဲ့ကာ (၃)ဂိုး၊(၂)ဂိုးနဲ့ရှုံးနိမ့် ခဲ့တာဖြစ်ပါတယ်။ စပိန်အသင်း အတွက် ချေပဂိုးတွေကို (၅၇)မိနစ်မှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး အယ်ကာဆာက သူ့ရဲ့ပထမဆုံးထိချက်မှာတင် ပထမချေပဂိုးသွင်းယူခဲ့ပြီး အသင်းခေါင်းဆောင်ရာမို့စ်က (၉၈)မိနစ်မှာ ဒုတိယချေပဂိုးသွင်း ယူခဲ့ပါတယ်။

စပိန်အသင်းဟာ ယခုပွဲစဉ်ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စုတွင်းမှာ ရမှတ်(၆)မှတ်နဲ့ အဆင့်(၁)နေရာမှာ ဦးဆောင် နေဆဲဖြစ်ပြီး အင်္ဂလန်အသင်းကတော့ ရမှတ်(၄)မှတ်နဲ့အဆင့်(၂)နေရာမှာရပ်တည်နေပါတယ်။ ဒါ့ကြောင့်စပိန် အသင်းအနေ နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားရမယ့် ခရိုအေးရှားနဲ့ပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် UEFA Nation League နောက်ဆုံး အဆင့်ကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ စပိန်အသင်းဟာ ယခုပွဲစဉ်အိမ်ကွင်းမှာ ရှုံးနိမ့်မှုကြောင့် (၂၀၀၃)ခုနှစ် က ဂရိအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအိမ်ကွင်းရှုံးပွဲ ပြန်လည်ကြုံတွေ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းသမိုင်းတလျောက် ပြိုင်ပွဲကြီးအဖြစ် ယှဉ်ပြိုင်ကစားတဲ့အိမ် ကွင်းပွဲစဉ်မှာ ပထမဆုံး(၃)ဂိုးခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

 

 

Related News