(၂၀၁၇-၁၈)ဘောလုံးရာသီအပြီးမှာ ချန်ပီယံရှစ်ကလပ် အက်စ်တွန်ဗီလာအသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန်နဲ့ ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ ကစားသမားဘ၀မှ အနားယူခဲ့ပြီ ဖြစ်ပါတယ်။ စီနီယာကစားသမားဘ၀ကို (၁၉၉၈)ခုနှစ်မှာချယ်ဆီးအသင်းနဲ့စတင်ခဲ့တဲ့ ဂျွန်တယ်ရီဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀မှာ အောင်မြင်မှုတွေနဲ့ရင်းနှီးခဲ့သူဖြစ်ပြီး ချယ်ဆီးအသင်းမှာ နှစ်ပေါင်း(၂၀)နှစ်ကြာပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

သူဟာ (၂၀၁၆-၁၇)ဘောလုံးရာသီအပြီးမှာ ချယ်ဆီးနဲ့လမ်းခွဲခဲ့ပြီး (၂၀၁၇-၁၈)ဘောလုံးရာသီမှာတော့ ချန်ပီယံရှစ်ကလပ် အက်စ်တွန်ဗီလာအသင်းမှာ (၁)ရာသီကစားသမားဘ၀ဖြတ်သန်းခဲ့ပါတယ်။ (၂၀၁၇- ၁၈)ဘောလုံးရာသီအပြီးမှာတော့ တယ်ရီဟာ အက်စ်တွန်ဗီလာနဲ့လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေချိန် မှာ ရုရှားကလပ်စပါးတပ်မော်စကိုအသင်းထံကို ပြောင်းရွေ့ကစားဖို့ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအ ရွေ့ပျက်ခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာလ(၇)ရက်မှာ အသက်(၃၈)နှစ်ပြည့်တော့မယ့် တယ်ရီဟာလက်ရှိမှာတော့ ကစားသမားဘ၀နဲ့ (၂၃)နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ဘောလုံးကစားခြင်းမှအနားယူဖို့ အသင့်တော်ဆုံးအချိန် ရောက်ရှိခဲ့ပြီဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀မှ အနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။ဂျွန်တယ်ရီဟာ ချယ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်(၅)ကြိမ်၊ အက်ဖ်အေ ဖလား(၅)ကြိမ်၊ လိဂ်ဖလား(၃) ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်(၁)ကြိမ်စီရရှိခဲ့ပြီး (၂၀၀၄-၀၅)ဘောလုံးရာသီမှာ ပရီးမီးယား လိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

တယ်ရီဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၂၀၀၃)ခုနှစ်မှ (၂၀၁၂)ခုနှစ်ထိပါဝင်ကစားခဲ့ပြီး နိုင်ငံတကာပွဲ(၇၈)ပွဲမှာ သွင်းဂိုး(၆)ဂိုးသွင်းယူခဲ့ပါတယ်။ ကစားသမားဘ၀မှ အနားယူခဲ့တဲ့ ဂျွန်တယ်ရီဟာ လက်ရှိမှာတော့ အက်စ်တွန်ဗီလာအသင်းမှာ လက်ထောက်နည်းပြရာထူးကိုရယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
 

 

 

Related News