လာလီဂါရှုံးပွဲမရှိစံချိန်နဲ့ ရာသီသိမ်းဖို့မျှော်မှန်းခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ပွဲစဉ် (၃၇) မှာတော့ လီဗန် တေးအသင်းကိုရှုံးနိမ့်ပြီး လာလီဂါရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ် (၃၇)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ လီဗန်တေး အသင်းကို(၅)ဂိုး၊(၄)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်လာလီဂါမှာပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုပွဲစဉ် (၃၇)မတိုင်မီ လာလီဂါမှာ ရှုံးပွဲလုံးဝမရှိခဲ့တဲ့အသင်းဖြစ်ပြီး လာလီဂါပွဲစဉ် (၃၆)ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ (၂၇)ပွဲနိုင်၊ (၉)ပွဲသရေရလဒ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ ရှုံးပွဲမရှိစံချိန်ဟာ ရာသီ ကုန်ခါနီး ပွဲစဉ် (၃၇)မှာ ရပ်တန့်သွားခဲ့ပြီး မှတ်တမ်းသစ်ရေးထိုးနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါ တယ်။

ဘာစီလိုနာအသင်းဟာ ရာသီမကုန်မီမှာ လာလီဂါအမှတ်ပေးချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပေမယ့် လည်း ရှုံးပွဲလုံးဝမရှိတဲ့စံချိန်နဲ့ ရာသီကုန်ဆုံးဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုပွဲစဉ်ကိုအသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ မက်ဆီမပါဝင်ပဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး လီဗန်တေးအသင်းကို ဂိုးတွေအပြန်အလှန်သွင်းယူနိုင်ခဲ့ပေမယ့် (၅)ဂိုး၊ (၄)ဂိုးနဲ့ ရှုံးပွဲကြုံတွေခဲ့ရပါတယ်။ ဘာစီလိုနာအသင်းနဲ့ လီဗန်တေးအသင်းကို ဒုတိယပိုင်းပွဲကစားချိန် (၅၇)မိနစ်အထိ (၅)ဂိုး၊ (၁)ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ကော်တင်ဟိုနဲ့ဆွာရက်ဇ်တို့ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့်သာ ဂိုးပြတ်ရှုံးပွဲနဲ့မကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

လီဗန်တေးအသင်းနဲ့ ဘာစီလို နာအသင်းတို့ရဲ့ပွဲစဉ်မှာ့ hat-trick သွင်းယူနိုင်ခဲ့တဲ့ကစားသမား(၂)ဦးအထိထွက်ပေါ်ခဲ့ပြီး လီဗန်တေးအသင်း တိုက်စစ်မှူး အီမန်နျူရယ်ဘိုတန်နဲ့ ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမားကော်တင်ဟိုတို့ အသင်းအတွက် hat-trick ကိုယ်စီသွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ်ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့တာဖြစ်ပြီး အဓိကပြိုင်ဘက် ဖြစ်တဲ့ရီးယဲလ်မက်ဒရစ်အသင်းထံ ပြီးခဲ့ တဲ့နှစ်က လက်လွှတ်ခဲ့ရတဲ့ လာလီဂါအမှတ်ပေးဖလားကို ပြန်လည်ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်း အနေနဲ့ ယခုနှစ်ရာသီမှာ လာလီဂါ အမှတ်ပေးဖလားကို အရယူနိုင်ခဲ့တဲ့အပြင် စပိန်ဘုရင့်ဖလားချန်ပီယံအဖြစ်ပါ အောင်ပွဲခံနိုင်ခဲ့ပြီး ဆုဖလား (၂)လုံးအထိရရှိခဲ့ပါတယ်။ ပြည်တွင်းဖလား (၂)လုံးကိုရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအ သင်းဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်အဆင့်အထိသာ တက်ရောက်နိုင်ခဲ့ပြီး ကွာတား ဖိုင်နယ်မှာ ရိုးမားအသင်းနဲ့ (၂)ကျော့ပေါင်းရလဒ် (၄)ဂိုးစီတူညီခဲ့ပေမယ့်လည်း အဝေးဂိုးစည်းမျဉ်းနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။ 

 

 

Related News