ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ရမှတ်အပြတ်အသတ်နဲ့ ဦးဆောင် နေတဲ့မန်စီးတီးအသင်းဟာ ရာသီကုန်မှာချန်ပီယံဆုကို စံချိန်သစ်တွေနဲ့ ရယူသွား နိုင်ဖို့ကြိုးစားလာဖို့ရှိနေပါတယ်။
ယခုနှစ် (၂၀၁၇-၂၀၁၈) ဘောလုံးရာသီဟာမကြာမီကုန်ဆုံးတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကိုရ ယူနိုင်ဖို့အလွန်နီးစပ်နေပြီဖြစ်တဲ့မန်စီးတီးအသင်းဟာ ရာသီကုန်မှာ ယခင်စံချိန်ဟောင်းတွေချိုးဖျက်ပြီး စံချိန်သစ်တွေနဲ့ ချန်ပီယံဆုကို ရယူသွားနိုင်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ် ပေးဇယားကို ရမှတ် (၈၄) မှတ်နဲ့ဆက်လက်ဦးဆောင်နေခဲ့ပြီး အဆင့် (၂)နေရာကမန်ယူအသင်းကို ရမှတ် (၁၆) မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၃) အိမ် ကွင်းပွဲစဉ်မှာ မန်စီးတီးအသင်းအနေနဲ့နိုင်ပွဲရရှိမည်ဆိုပါက ယခုနှစ် (၂၀၁၇-၂၀၁၈) ဘောလုံးရာသီရဲ့ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် စောစီးစွာမှတ်တမ်းဝင်နိုင်မှာဖြစ်ပါတယ်။ပရီးမီးယား လိဂ်မှာချန်ပီယံအဖြစ် စောစီးစွာ မှတ်တမ်းဝင်နိုင်ခဲ့တဲ့အသင်းကတော့ မန်ယူအသင်းဖြစ်ပြီး (၂၀၀၀-၂၀၀၁)ဘောလုံးရာသီရဲ့ရာသီမကုန်ဆုံးမီ ဧပြီလ(၁၄)ရက်နေ့မှာပဲ ချန်ပီယံ အဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာ အဆိုပါ စံချိန်ကိုကျော်ဖြတ်နိုင်ဖို့ နီးစပ်နေခဲ့ပြီး၊ မန်ယူအသင်းနဲ့ပွဲစဉ်ဟာ ဧပြီလ (၇)ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် စံချိန်သစ်တင်နိုင်ဖို့နီးစပ်နေခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယား လိဂ်နိုင်ပွဲအများဆုံး ရယူနိုင်ခဲ့တဲ့စံချိန်ကိုလည်း အမီလိုက်နိုင်ဖွယ်ရှိနေပြီး ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီက နိုင်ပွဲ (၃၀)အထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ရွှေ့ဆိုင်းခဲ့တဲ့ပွဲစဉ် (၃၁) အပါအ၀င် ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲခန့်ယှဉ်ပြိုင် ကစားရဦးမှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်း ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

(၂၀၀၄-၂၀၀၅) ဘောလုံးရာသီက ချဲလ်ဆီးအသင်းတင်ရှိခဲ့တဲ့ အဝေးကွင်းနိုင်ပွဲ အများဆုံးစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ဖွယ်ရှိနေပြီး ချဲလ်ဆီးအသင်းဟာ အဆို ပါဘောလုံးရာသီက အဝေးကွင်းနိုင်ပွဲ (၁၅) ပွဲအထိရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာမန်စီးတီးအသင်း ဟာ အဝေးကွင်းနိုင်ပွဲ (၁၃) ပွဲအထိရရှိခဲ့ပြီး စပါး၊ ၀က်ဟမ်းနဲ့ ဆောက်သမ်တန်အသင်းတွေနဲ့ ပရီးမီးယားလိဂ်အဝေး ကွင်း(၃)ပွဲယှဉ်ပြိုင်ကစားဖို့ ကျန်ရှိနေတာကြောင့် ဘယ်နှစ်ပွဲအထိအဝေးကွင်းနိုင်ပွဲ ထပ်မံရယူနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီရဲ့ အစောဆုံးဖလားအဖြစ် လိဂ်ဖလားကိုရယူနိုင်ခဲ့ပြီး ယခုပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အဆင့်ကိုတက်ရောက်နိုင်ခဲ့တာကြောင့်ဖလား(၃)လုံးအိပ်မက်ကို အကောင် အထည်ဖော် နိုင်ဖို့ကြိုးစားလာမှာဖြစ်ပါတယ်။

 

 

Related News