ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀တစ်လျှောက် ကလပ်အ သင်းနဲ့ရော လက်ရွေးစင်အသင်းနဲ့ပါ သွင်းဂိုး(၆၀၀)ပြည့်မြောက်ခဲ့ပါတယ်။ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ ချဲလ်ဆီးအသင်းကို (၃)ဂိုး၊ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် သွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့သလို ကစားသမားဘ၀တစ်လျှောက် သွင်းဂိုး(၆၀၀)လည်း ပြည့်မြောက် ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ချန်ပီယံ လိဂ်ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့မက်ဆီဟာ သူရဲ့ကစားသမား ဘ၀မှာ သွင်းဂိုး(၆၀၁)ဂိုးအထိရှိလာခဲ့ပြီး အဆိုပါပွဲ စဉ်မှာ သွင်းဂိုး(၆၀၀)နဲ့ (၆၀၁)ဂိုးမြောက် ဂိုးတွေကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမား ဘ၀မှာကလပ်အသင်းနဲ့သာမက လက်ရွေးစင်အသင်းဖြစ်တဲ့အာဂျင်တီးနားအသင်းအတွက် ပါပြိုင်ပွဲစုံ(၇၄၈)ပွဲ ပါဝင်ကစားခဲ့ပြီး (၆၀၁)ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီဟာ ဘောလုံး လောကမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သွင်းဂိုး(၆၀၀) ပြည့်မြောက်ခဲ့တဲ့ (၈)ဦးမြောက်ကစားသမား လည်းဖြစ်လာခဲ့ပါတယ်။

သွင်းဂိုး(၆၀၀)နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ နာမည်ကျော်ကစားတွေထဲမှာ ဘရာဇီးဂန္တ၀င် ကစားသမားပီလီက ထိပ်ဆုံးမှာဦးဆောင်နေပြီး (၇၅၇)ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် (၆၁၅)ပွဲမှာ ဂိုး(၅၄၀)အထိသွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ တစ်ပွဲပျမ်းမျှ(၀.၈၁)ဂိုးနှုန်း သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းအတွက်လည်း ပြိုင်ပွဲစုံ(၁၂၃)ပွဲမှာ (၆၁)ဂိုးရယူနိုင်ခဲ့တာကြောင့် လက်ရွေးစင်အသင်းအတွက် တစ်ပွဲပျမ်းမျှ(၀.၅)ဂိုးနှုန်း သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီမှာလည်း အသင်းရဲ့တိုက်စစ်မှာ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေ ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၄၂)ပွဲကစားထားရာမှာ (၃၄)ဂိုးအထိသွင်းယူထားပါတယ်။ မက်ဆီဟာ သူရဲ့ကစားသမားဘ၀မှာ ဆီဗီးလားအသင်းကို (၂၉)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကို (၂၈)ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းကို (၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

 

 

Related News