ဘာစီလိုနာအသင်း တိုက်စစ်မှူးမက်ဆီဟာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ သွင်းဂိုး(၁၀၀)ပြည့်မြောက် ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်း အဆင့်ဒုတိယအ ကျော့အိမ်ကွင်းပွဲစဉ်မှာ (၃)ဂိုး၊ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို မက်ဆီနဲ့ဒမ်ဘီ လီတို့က သွင်းယူပေးခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားသမား ဘ၀တစ်လျှောက်ချန်ပီယံလိဂ်သွင်းဂိုး (၁၀၀)ပြည့်မြောက်ခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ အတူဖြတ်သန်းခဲ့တဲ့ (၂၀၀၄-၂၀၀၅)ဘောလုံးရာသီမှ(၂၀၁၇-၂၀၁၈)ရာသီအထိ (၁၄) ရာသီအတွင်း ချန်ပီယံလိဂ်ပွဲစဉ်(၁၂၃)ပွဲ ပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး(၁၀၀)အထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ယခုပွဲစဉ်မှာချန်ပီယံလိဂ်(၉၉)ဂိုးမြောက်သွင်းဂိုးကို ပွဲအစပိုင်းအတွင်းမှာပဲ သွင်းယူနိုင်ခဲ့ပြီး ရာပြည့်ဂိုးကိုတော့ ပွဲကစားချိန်(၆၃)မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။  မက်ဆီသွင်းယူခဲ့တဲ့ ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးဟာ သူရဲ့ကစားသမားဘ၀တစ်လျှောက် အမြန်ဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး ပွဲအစ(၂)မိနစ်နဲ့(၈)စက္ကန့်မှာပဲ သွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးရာပြည့်ရယူနိုင်ခဲ့တဲ့ ဒုတိယ မြောက်ကစားသမားဖြစ်လာခဲ့ပြီး မက်ဆီထက် သွင်းဂိုး(၁၀၀) အရင်ပြည့်မြောက်ခဲ့တဲ့ ကစားသမားကတော့ ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သွင်းဂိုး (၁၀၀) ပထမဦးဆုံးပြည့်မြောက်ခဲ့တဲ့ ကစားသမားဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးကစားသမားလည်း ဖြစ်ပြီး သူ့အနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၁၄၈)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ (၁၁၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

 

 

Related News