မန်ယူအသင်းရဲ့ဝါရင့်ကွင်းလယ်လူ မိုက်ကယ်ကားရစ်ဟာ ရာသီကုန်မှာ ကစားသမားဘ၀မှ အနားယူ တော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။အသက်(၃၆)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်လူကားရစ်ဟာ မန်ယူအသင်းနဲ့အတူ ဘောလုံးရာသီ(၁၂)ရာသီ ကြာဖြတ်သန်း ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့ ဆုဖလားအောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မိုက်ကယ်ကာရစ်အနေနဲ့ ယခုနှစ်ဘောလုံး ရာသီဟာ သူ့အတွက်နောက်ဆုံး ရာသီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရာသီကုန်မှာ ကစားသမားဘ၀မှ အနားယူတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းနဲ့အတူ ပြိုင်ပွဲစုံ(၄)ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲသာ ပါဝင်ကစားခွင့်ရရှိထားတာ ဖြစ်ပါတယ်။မိုက်ကယ်ကားရစ်ဟာ (၂၀၀၆)ခုနှစ်၊ဇွန်လ(၁၀)ရက်နေ့မှာ စပါးအသင်းမှမန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ (၂၀၀၆-၂၀၀၇) ဘောလုံးရာသီမှ ယခုနှစ်(၂၀၁၇- ၂၀၁၈)ရာသီအထိ ဘောလုံးရာသီ(၁၂)ရာသီအတွင်း ပြိုင်ပွဲစုံပွဲစဉ်(၄၆၃)ပွဲ အထိပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၂၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမား မိုက်ကာရစ်ဟာ ခံစစ်အားသန်တဲ့ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်တာကြောင့် သွင်းဂိုးတွေများစွာ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးမဟုတ်ပေမယ့် မန်ယူအသင်းရဲ့ကွင်းလယ်ပိုင်းကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းနဲ့အတူဆုဖလား(၁၈)လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဖလား(၅)ကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်နဲ့ ယူရိုပါလိဂ်ဖလားတစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မိုက်ကယ်ကားရစ်ဟာ မန်ယူအသင်းအပါအ၀င် ၀က်ဟမ်းအသင်း နဲ့စပါး အသင်းမှာ လည်းကစားခဲ့ဖူးတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ရဲ့ဝါရင့်ကစားသမား တစ်ဦးအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။ မိုက်ကယ်ကားရစ်အနေနဲ့ ကစားသမား ဘ၀မှအနားယူပါက နည်းပြလောကကိုဝင်ရောက်လာဖို့ ရှိနေတာဖြစ်ပြီး မန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့လည်းရှိနေကြောင်း မန်ယူအသင်း နည်းပြမော်ရင်ဟိုကိုယ်တိုင်က ပြောကြားသွားခဲ့ပါတယ်။

 

 

Related News