မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင်ကလော့ပ်နဲ့ နည်းပြ သက်တမ်းတစ်လျှောက်ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာစီးမရခဲ့တဲ့မှတ်တမ်းတွေရှိခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဂျာဂင်ကလော့ပ်နဲ့ နည်းပြသက်တမ်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာစီးရဖို့ရုန်းကန်ရလေ့ရှိပြီး ထိပ်တိုက်တွေ့ဆုံမှု(၈)ကြိမ်မှာတစ်ကြိမ်သာအနိုင်ရရှိခဲ့ပါတယ်။ သူ့အနေနဲ့ ဂျာဂင်ကလော့ပ်ကို (၄)ကြိမ်အထိသရေသာကစားနိုင်ခဲ့ပြီး (၃)ကြိမ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ဂျာဂင်ကလော့ပ် ကိုင်တွယ် ခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ (၄)ကြိမ်အ ထိတွေ့ဆုံခဲ့ပြီး ဂျာဂင်ကလော့ပ်က(၂)ကြိမ်နိုင်၊ မော်ရင်ဟိုက (၁)ကြိမ်သာအနိုင်ရရှိခဲ့ကာ တစ်ကြိမ်သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြဘ၀မှာလည်း ဂျာဂင်ကလော့ပ် လက်ရှိကိုင်တွယ်နေတဲ့ လီဗာပူးလ်အသင်း နဲ့(၁)ကြိမ်တွေ့ဆုံခဲ့ပြီး အဆိုပါ ပွဲစဉ်မှာလည်း မော်ရင်ဟိုအနေနဲ့ဂျာဂင်ကလော့ပ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။ လက်ရှိမန်ယူအသင်း နည်းပြဘ၀မှာတော့ မော်ရင်ဟိုဟာ ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ယခုနှစ်ဘောလုံးရာသီ အန်ဖီးလ်ကွင်းမှာပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ် ထိပ်တိုက်တွေ့ဆုံမှုအပါအ၀င် (၃)ကြိမ်အထိ တွေ့ဆုံခဲ့ရာမှာ (၃) ကြိမ်စလုံးသရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ဟာ ပထမအကျော့ပရီးမီးယားလိဂ်ပွဲ စဉ်(၈)အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အသင်း(၂)သင်းရဲ့ ဂုဏ်သိက်္ခာနဲ့ အဆင့်(၂)နေရာအတွက် အားပြိုင်မှုနဲ့ နည်းပြ(၂)ဦးရဲ့အားပြိုင်မှုတွေကြောင့် လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ ရဲ့အင်္ဂလန်ဒါဘီပွဲစဉ်ဟာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) အဖြစ်ယှဉ်ပြိုင်ကြမယ့် မန်ယူအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ပွဲစဉ်ကို ယနေ့မတ်လ (၁၀)ရက်နေ့ မြန်စံတော်ချိန်ည(၇)နာရီအချိန်မှာ ကစားကြမှာဖြစ်ပါတယ်။

 

 

Related News