(၂၀၁၇-၁၈) ဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၁၆) သင်းရှုံးထွက်အဆင့်မှာ စီးရီးအေကလပ် အေစီမီလန်အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းတို့တွေ့ဆုံနေခဲ့ပြီး၊ အဲ့ဒီပွဲစဉ်ဟာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ရလဒ်ပိုင်းကောင်းမွန်ခြင်းမရှိတဲ့(၂)သင်းရဲ့ တွေ့ဆုံမှုဖြစ်တာကြောင့် အကြိတ်အနယ်ရှိလာဦးမှာဖြစ်ပါတယ်။ အေစီမီလန်အသင်းအနေနဲ့ ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြအပြောင်းအလဲအနေနဲ့ ကစားသမားဟောင်း ဂတ်တူဆိုကို နည်းပြအဖြစ်ခန့်အပ်လိုက်ပြီးနောက်ပိုင်းမှာ ရလဒ်ပိုင်းပြန်လည် ကောင်းမွန်လာခဲ့ ပေမယ့်လည်း အမှတ်ပေးပြိုင်ပွဲမှာ အဆင့် (၇)နေရာမှာသာရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့လည်း နောက်ဆုံး (၅) ပွဲဆက်ရှုံးပွဲဆက်နေခဲ့တာကြောင့် နည်းပြကြီးအာစင်ဝင်းဂါးရဲ့အနာဂတ်ဟာ လှုပ်ခတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပြည်တွင်း အမှတ်ပေးပြိုင်ပွဲမှာ ရလဒ်ပိုင်းကောင်းမွန်ခြင်းမရှိတဲ့အနေအထားတွေကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ အာရုံစိုက်ကာ လာမယ့်ရာသီရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမယ့် အခွင့်အရေးတွေကိုလည်း နှစ်သင်းစလုံးအနေနဲ့ ဆုတ်ကိုင်နိုင်စွမ်း ရှိနေတာဖြစ်ပါတယ်။ အေစီမီလန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ သမိုင်းတစ်လျှောက် (၅)ကြိမ်တွေ့ဆုံခဲ့ဖူးပြီး၊ အေစီမီလန်အသင်းက (၁) ကြိမ်နိုင်၊ အာဆင်နယ်အသင်းက (၂)ကြိမ်အနိုင်ရရှိကာ(၂) ကြိမ်ကတော့ သရေရလဒ်ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အေစီမီလန်အသင်းရဲ့ ဆန်စီရိုကွင်းမှာ (၂) ကြိမ်သွားရောက်ကစားခဲ့ဖူးပြီး၊ တစ်ကြိမ်အနိုင်ရရှိကာ၊ တစ်ကြိမ်ကတော့ ရှုံးနိမ့်ခဲ့ဖူးတာဖြစ်ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ ယခုပွဲစဉ်မှာ နာမည်ကြီး ကစားသမားတွေ ပါဝင်လာဖို့ရှိနေပေမယ့်လည်း အာဆင်နယ်အသင်းကတော့ ဒဏ်ရာရကစားသမားတွေနဲ့Cup-tiedစည်းမျဉ်းကြောင့် တိုက်စစ်မှူးအူဘားမီးယန်းပါဝင်နိုင်ခြင်းမရှိတာကြောင့် အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ကိုတော့ မတ်လ(၉)ရက်နေ့၊ မြန်မာ စံတော်ချိန်မနက်(၁၂)နာရီခွဲအချိန်မှာ အေစီမီလန်အသင်းရဲ့ ဆန်စီရိုကွင်းမှာယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Related News