PSG အသင်းတိုက်စစ်ကစားသမား နေမာဟာ မာဆေးလ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ် (၂၇)မှာဒဏ်ရာရရှိခဲ့ပြီး နေမာရဲ့ဒဏ်ရာဟာ PSG အသင်းရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။
PSG အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ မတ်လ(၇)ရက်နေ့မှာ ချန်ပီယံလိဂ် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နေမာဒဏ်ရာရရှိခဲ့ခြင်းဟာ အသင်းအတွက်နစ်နာမှုရှိစေခဲ့ပါတယ်။

PSG အသင်းအနေနဲ့ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းကို(၃)ဂိုး၊(၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ရလဒ်ကောင်းရယူနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ ယခုလိုအခြေအနေမှာနေမာဒဏ်ရာရရှိခဲ့ခြင်းဟာ PSG အသင်းအတွက် အခက်တွေ့စေခဲ့ပြီး နေမာအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာနိုင်သေးတာ ဖြစ်ပါတယ်။

နေမာဟာ မာဆေးအသင်းနဲ့လီဂူးဝမ်းပွဲစဉ်မှာ ခြေချင်းဝတ် ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေကို သိရှိနိုင်ဖို့အတွက် ဆေးစစ်ကုသမှု ခံယူရဖို့ရှိနေပါတယ်။ နေမာအနေနဲ့ပွဲကစားချိန်(၇၇)မိနစ်မှာ ပြိုင်ဘက်အသင်းမှကစားသမားနဲ့ ဘောလုံးယှဉ်လုရင်း (၂)ကြိမ်တိုင်တိုင်ခြေခေါက်လဲကျခဲ့ပြီး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေကို အတိအကျမသိရသေးပေမယ့် ပြည်ပမီဒီယာ တွေကတော့ နေမာဟာ ဒဏ်ရာပြဿနာကြောင့် (၉)ရက်ခန့်အနားယူရဖွယ်ရှိနေကြောင်း ဖော်ပြခဲ့ကြပါတယ်။

PSG အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာတော့ ရလဒ်ကောင်းတွေရရှိနေခဲ့ပြီး လီဂူးဝမ်း ပွဲစဉ်(၂၇)ကစားပြီးချိန်မှာ (၂၃)ပွဲနိုင်၊ (၂)ပွဲ သရေ၊(၂)ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ PSG အသင်းရဲ့နေမာ၊ဘာပေနဲ့ကာဗာနီတို့ရဲ့ တိုက်စစ်အတွဲဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အတွဲညီညီနဲ့ခြေစွမ်း ပြကစားနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုးများစွာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

 

 

Related News