ရီးရဲလ်မက်ဒရစ်အဓိကနောက်ခံလူမာဆယ်လိုဟာ ပွဲပယ်ပြစ်ဒဏ်မှပြန်လာနိုင်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တာကြောင့် တစ်လခန့်ထပ်မံ အနားယူရတော့မှာဖြစ်ပါတယ်။ မာဆယ်လိုဟာ ရီးရဲလ်ဘတ်တစ်အသင်းကို အိမ်ကွင်းမှာ (၁)ဂိုး၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ လာလီဂါ ပွဲစဉ်(၅)မှာ တံကောက်ကြောအရွတ် စုတ်ပြဲဒဏ်ရာရရှိခဲ့တာကြောင့်ပွဲကစားချိန်(၇၂)မိနစ်မှာ ဗက်ဇ်ကွက်နဲ့ လူစားလဲခဲ့ရပါတယ်။ လီဗန်တေးအသင်းနဲ့ လာလီဂါပွဲစဉ်(၃)မှာ အနီကတ်ပြသခံ ရတာကြောင့် ပွဲပယ်ပြစ်ဒဏ်တစ်ပွဲကျခံခဲ့ ရတဲ့ မာဆယ်လိုဟာပွဲပယ်ပြစ်ဒဏ်ပြည့်လို့ ပြန်ကစားနိုင်တဲ့ ပွဲစဉ်မှာပဲ ဒဏ်ရာရရှိခဲ့ပါတယ်။ မာဆယ်လိုဟာ အဆိုပါဒဏ်ရာကြောင့် တစ်လခန့်အနားယူရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲစဉ်(၆)ပွဲခန့်ကို လွဲချော်မှာ ဖြစ်ပါတယ်။
 
သူဟာ လာလီဂါပွဲစဉ် တွေဖြစ်တဲ့ အလာဘက်၊ အက်စ်ပန်ညို၊ ဂီတာဖေးလ်၊ အီဘာအသင်းတို့နဲ့ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိတဲ့ အပြင် ဒေါ့မွန်အသင်း၊ စပါးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ နည်းပြဇီဒန်းဟာ မာဆယ်လို ဒဏ်ရာရရှိသွားခဲ့ တာကြောင့် မာဆယ်လိုရဲ့ ဘယ်နောက်ခံလူနေရာမှာ သီယိုဟာနန်ဒက်နဲ့ နာချိုတို့ကို အစားထိုး အသုံးပြုသွားဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမားတွေဟာ ဒဏ်ရာပြဿနာ တွေနဲ့ရင်ဆိုင်နေရပြီး ဘန်ဇီးမား၊ တိုနီခရူး၊ ကိုဗာချစ်နဲ့ ဗယ်လီဂျိုတို့ဟာလည်း ဒဏ်ရာပြဿနာ ကြောင့် အလာဗက်အသင်းနဲ့ လာလီဂါပွဲစဉ်(၆)ကိုလွဲချော်မှာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေဟာ လာလီဂါမှာ ရလဒ်တွေဆိုးဝါးနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး လာမယ့်ပွဲစဉ်တွေမှာတော့ နည်းပြဇီဒန်းအနေနဲ့ လူငယ်ကစားသမားတွေကိုပဲ စီနီယာ ကစားသမားတွေနဲ့ တွဲဖက်အသုံးပြုသွားရတော့မှာ ဖြစ်ပါတယ်။
 
 

Related News