(၂၀၁၇)ခုနှစ်ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားဘောလုံးသမားဆု (The Best) ဆုအတွက် ဆန်ခါတင် နောက်ဆုံး(၃)ဦးစာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး၊ စီရော်နယ်ဒို၊ မက်ဆီနဲ့ နေမာတို့ပါဝင်ခဲ့ကြပါတယ်။ (၂၀၁၇) ခုနှစ်အတွက် ဖီဖာအကောင်းဆုံးအမျိုးသား၊အမျိုးသမီးဘောလုံးသမားဆုတွေအပြင်၊ အကောင်းဆုံး ဂိုးသမားဆု၊ နည်းပြဆုနဲ့အလှဆုံးသွင်းဂိုးဆုတွေအတွက် နောက်ဆုံးဆန်ခါတင် စာရင်းတွေကို ဖီဖာမှထုတ်ပြန်ခဲ့ ပြီဖြစ်ပါတယ်။ အကောင်းဆုံးအမျိုးသား ဘောလုံးသမားဆု ဆန်ခါတင်(၃)စာရင်းမှာပါဝင်တဲ့ စီရော်နယ်ဒိုဟာ (၂၀၁၆-၂၀၁၇)ရာသီက ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ (၄၆) ပွဲမှာ(၄၂) ဂိုးသွင်းယူခဲ့ပြီး၊ ရီးရဲလ်မက် ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဆုဖလားရရှိအောင် အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
 
ဘာစီလိုနာ တိုက်စစ်မှုးမက်ဆီက ယခင်နှစ်ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၅၂) ပွဲမှာ (၅၄) ဂိုးသွင်းယူခဲ့ပြီး၊ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို၊စပိန်ဘုရင့်ဖလားမှာ ဗိုလ်စွဲနိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ PSG အသင်းကိုပြောင်းရွှေ့ သွားခဲ့တဲ့ ဘာစီလိုနာ ကစားသမားဟောင်းနေမာကတော့ ယခင်နှစ်ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၄၅) ပွဲမှာဂိုး (၂၀) သွင်းယူနိုင်ခဲ့ပြီး၊ယခုဆန်ခါတင်စာရင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ်ဖီဖာ အကောင်းဆုံးဆုတွေကို အောက်တိုဘာလ (၂၃) ရက်နေ့မှာ ပေးအပ်သွားမှာဖြစ်ပြီး၊ အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး ဘောလုံးသမားဆု၊ ဂိုးသမားဆု၊ အကောင်းဆုံး နည်းပြဆုနဲ့ အလှဆုံးသွင်းဂိုးဆုတွေကို ပေးအပ်သွား မှာဖြစ်ပါတယ်။ ဖီဖာအကောင်းဆုံးနည်းပြဆု အတွက် ဆန်ခါတင်စာရင်းမှာတော့ ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်း၊ ဂျူဗင်တပ်နည်းပြ အယ်လီဂရီနဲ့ ချယ်ဆီးနည်းပြ ကွန်တီတို့ပါဝင်နေတယ်လို့သိရပါတယ်။
 
 

Related News