ရိုးမားအသင်းခေါင်းဆောင်ဟောင်းတော့တီအားဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌစယ်ဖယ်ရင်ကဂုဏ်ပြုဆုချီးမြှင့်လိုက်ကြောင်းသိရှိရသည်။ အသက် (၄၀) နှစ်အရွယ်ရှိတော့တီသည် ရိုးမားအသင်းတစ်သင်းတည်းတွင် နှစ်ပေါင်း (၂၅) နှစ်ကြာ စွဲစွဲမြဲမြဲပါဝင်ကစားခဲ့ပြီးအသင်းနှင့်အတူစီးရီးအေချန်ပီယံဆုဖလား (၁) ကြိမ်၊ ကိုပါအီတာလီရာဖလား (၂) ကြိမ်၊ အီတလီစူပါဖလား (၂) ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့သည်။ တော့တီသည် ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံစုစုပေါင်း (၇၈၆) ပွဲပါဝင်ကစားခဲ့ပြီးစုစုပေါင်းဂိုးအရေအတွက် (၃၀၇) ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည့် အတွက် ပွဲအများဆုံးနှင့် ဂိုးအများဆုံးသွင်းယူကစားနိုင်ခဲ့သူအဖြစ် စံချိန်တင်မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် တော့တီသည် အီတလီလက်ရွေးစင်အသင်းအတွက်လည်း (၅၈) ပွဲကစားကာ (၉) ဂိုးသွင်းယူနိုင်ခဲ့ကာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံအသင်းတွင် ပါဝင်နိုင်ခဲ့သည်။ ထိုသို့ကစားသမားဘ၀တစ်လျှောက် စွမ်းဆောင်နိုင်မှုနှင့် ပရော်ဖက်ရှင်နယ်ပီသစွာကစား နိုင်ခဲ့မှုတို့ကြောင့် ယူအီးအက်ဖ်အေဥက္ကဋ္ဌကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့သည့် ဂုဏ်ပြုဆုအားဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုအားမာလ်ဒဒီနီ၊ ဒီစတီဖာနို၊ ဘောဘီချာလ်တန်၊ အူစီဘီရို၊ ဘက်ကင်ဘောင်ပါ၊ ရိုဟန်ခရိုက်ဖ်အစရှိသည့် ဂန္ထ၀င် ကစားသမားကြီးများကလည်းဆွတ်ခူးရရှိခဲ့ဖူးကြောင်းသိရှိရသည်။ 

 

 

Related News