ဂျာမန်ကလပ် ဒေါ့မွန်အသင်းအနေနဲ့ကတော့ (၂၀၁၆-၁၇) ဘောလုံးရာသီမှာ ဆုဖလားပိုင်ဆိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကိုဆွတ်ခူးနိုင်ဖို့အတွက်အခြေအနေ ကောင်းနေခဲ့ပြီး၊ (၂၀၁၆-၁၇) ဘောလုံးရာသီကို အောင်မြင်မှုနဲ့နှုတ်ဆက်ဖို့ရှိနေတယ်လို့သိရပါတယ်။

(၂၀၁၆-၁၇) ဘောလုံးရာသီ ဂျာမန်ပြိုင်ပွဲတွေထဲကနောက်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲကတော့ ယခုတစ်ပတ်မှာယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပြီး၊ ပြိုင်ပွဲရဲ့ဗိုလ်လုပွဲကိုတော့ ဖရန့်ဖတ်အသင်းနဲ့ ဒေါ့မွန် အသင်းတို့ကတက်ရောက်ထား ခဲ့ကြတာဖြစ်ပါတယ်။

နည်းပြသောမတ်စ်တူချယ်လ်ရဲ့ နည်းဗျူဟာတွေအောက်မှာ အကောင်းမွန်ဆုံးကစားနိုင်ခဲ့ပေမယ့်လည်း (၂၀၁၆-၁၇) ဘောလုံးရာ သီမှာတော့ ဒေါ့မွန်အသင်းအနေနဲ့ အောင်မြင်မှုတွေနဲ့ဝေးကွာခဲ့ရတာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ကတော့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့အဆင့် (၁၁)နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့ ဖရန့်ဖတ် အသင်းအနေနဲ့ကလည်း ပြည်တွင်းပြိုင်ပွဲမှာအောင်မြင်မှု ကြီးကြီးမားမားဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ဒေါ့မွန်အသင်းကိုတော့ အခက်တွေ့အောင်ကစားနိုင်မှာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းပြီးနောက် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အင်အားအကြီးဆုံးအသင်းတစ်သင်းဖြစ်ကြောင်းကို ပိုကယ်ဖလားရယူကာ သက်သေပြရမှာ ဖြစ်ပါတယ်။ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲဗိုလ်လုပွဲကို မေလ (၂၈) ရက်နေ့၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် မနက် (၁၂) နာရီခွဲ အချိန်မှာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က Olympiastadion ကွင်းမှာယှဉ်ပြိုင် ကစားသွားကြမှာဖြစ်ပြီး၊ အဆိုပါပွဲစဉ်ကိုတော့ MRTV-4  ရုပ်သံလိုင်းကနေတိုက်ရိုက်ထုတ်လွှင့်ပြသ ပေးသွားမှာ ဖြစ်ပါတယ်။

 

Related News