အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာတစ်နှစ်ကိုငလျင်(၁)သောင်းကျော်လှုပ်ခတ်လေ့ရှိပြီး ကြီးမားတဲ့ထိခိုက်မှုမျိုးဘယ်အချိန်မဆိုဖြစ်နိုင်တယ်လို့ ငလျင်ပညာရှင်တွေကသတိပေးထားပါတယ်။ အခုတီထွင်လိုက်တဲ့ Appကိုကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျယ်လိ့စ်မြို့မှာစ မိတ်ဆက်ခဲ့ပြီးဒေသခံတွေကို ခေတ်ရှေ့ပြေးတဲ့သတိပေးမှုမျိုးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီAppအမည်ကိုတော့ Shake Alert LAလို့ခေါ်ပြီးအိုင်ဖုန်းနဲ့ အန်းဒရိုက်ဖုန်းတွေမှာအသုံးပြုနိုင်ပါတယ်။ အမေရိကန်ဘူမိဗေဒအတိုင်းအတာအေဂျင်စီ(USGS)ကပေးတဲ့ အချက်အလက်တွေအသုံးပြုမယ့် အဲဒီAppကငလျင်လှုပ်တော့မယ်ဆိုရင် အီးမေးလ်(ဒါမှမဟုတ်) ဖုန်းကိုသတိပေးချက်အသစ်တွေနဲ့ အလိုအလျောက်သတိပေးချက်တွေပို့ပေးမှာပါ။

ငလျင်စခန်း(၁၆၇၅)ခုကို အနောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက်မှာအဆင်သင့်ထားရှိနေပြီးငလျင်လှုပ်ခတ်လာချိန်မှာအဲဒီငလျင်စခန်းတွေကကိရိယာတွေအဖြစ်နဲ့ ငလျင်ကိုထောက်လှမ်းနိုင်တယ်လို့USGSရဲ့ငလျင်သိပ္ပံစင်တာကပညာရှင် ရောဘတ် ဒီဂရော့တ်ကပြောပါတယ်။ ကြီးမားတဲ့ငလျင်ဘေးကနေ နှစ်ကြိမ်တိုင်တိုင်အသက်ရှင်ကျန်ခဲ့တဲ့ ၀မ်ဒီ ရော့စ်က(၁၅)စက္ကန့်တိုင်းမှာပုံမှန်သတိပေးချက်ပို့ပေးတာကအံ့သြစရာကောင်းလောက်အောင် အသုံးဝင်တယ်လို့ပြောပါတယ်။