Facebookကုမ္ပဏီအနေဖြင့် အစွန်းရောက်ဝါဒဆိုင်ရာအကြောင်းအရာများကိုပိုမိုကြီးမားကျယ်ပြန့်သော အသိုက်အ၀န်းမှ မမြင်တွေ့ခင် သိရှိဖယ်ရှားပေးနိုင်ရန် အကူအညီပေးမည့် အသိဥာဏ်တုကိရိယာများကိုတိတ်တဆိတ်အသုံးပြုလျှက်ရှိကြောင်းပြောကြားခဲ့သည်။ ဗြိတိန်နှင့် ပြင်သစ်တို့ရှိ တာဝန်ရှိသူများထံမှ ဖိအားများတိုးတက်များပြားလာသည်နှင့်အမျှ Facebookအနေဖြင့် အွန်လိုင်းအစွန်းရောက်ဝါဒ၏ ခြိမ်းခြောက်မှုကိုမည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းလျှက်ရှိသည်ကို ထဲထဲဝင်သိရှိနိုင်ရန် ပထမဦးဆုံးအကြိမ် လူသိရှင်ကြားဝေမျှခဲ့ကြောင်းသိရသည်။

Facebookအားအသုံးပြုလျှက်ရှိသူ ၂ ဘီလီယံနီးပါးရှိပြီးဘာသာပေါင်း ၈၀ ခန့်အသုံးပြု၍ ရေးသားတင်ပြမှုများရှိနေသည့်အတွက် ရှုထောင့်အစုံမှ စောင့်ကြည့်ထိန်းချုပ်ရန်ကိစ္စသည် Facebook ၏ သမိုင်းပေးတာဝန်ဖြစ်ကြောင်းနှင့် ထို့ကြောင့် အသိဥာဏ်တုခေါ် artificial intelligenceနည်းပညာ၏ အခန်းကဏ္ဍမည်ကဲ့သို့ပါဝင်လာရသည်ကို ရှင်းလင်းပြခဲ့သည်။

၎င်းတို့အနေဖြင့် အကြမ်းဖက်ဝါဒနှင့်ဆိုင်သည့်အကြောင်းအရာများကို လူ့အသိုက်အ၀န်းထဲရှိလူအများမြင်တွေ့ခြင်းမတိုင်မီချက်ချင်းဖယ်ရှားပစ်လိုကြောင်းနှင့် အကြမ်းဖက်ဝါဒနှင့်ဆက်နွယ်သောအကောင့်အများအပြားကိုလည်း ၄င်းတို့အနေဖြင့် ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်းကုမ္ပဏီ၏ မူဝါဒရေးရာအဖွဲ့က သတင်းဌာနတစ်ခုမှတဆင့်ပြောကြားခဲ့သည်။

အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် လူပေါင်း ၁၅၀ ခန့်က အကြမ်းဖက်ဝါဒဆိုင်ရာ အကြောင်းအရာများကိုဖယ်ရှားပစ်ရန် ကောင်းမွန်သောနည်းဗျူဟာများကိုအသုံးပြုလျှက်ရှိကြကြောင်းFacebookကပြောကြားခဲ့သည်။ အဆိုပါ သူမတူသောအဆင့်မြင့်နည်းစနစ်များ၏ အဓိကပစ်မှတ်များမှာ ISIS ၊ al Qaeda နှင့် ၄င်းတို့၏အပေါင်းအပါများဖြစ်ကြောင်းနှင့် ၄င်းတို့ အနေဖြင့် အခြားအကြမ်းဖက်အဖွဲ့အစည်းများကိုတိုက်ဖျက်ရန်အတွက်လည်းချဲ့ထွင်သွားဖို့ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်။