နီပေါနိုင်ငံမြို့တော် ခတ္တ မန္ဒူကလေဆိပ်မှာ ဘင်္ဂလားဒေ့ရှ်လေယာဉ်(၁)စီးပျက်ကျခဲ့တာကြောင့် အနည်းဆုံးလူ(၄၉)ဦးသေဆုံးပြီး (၂၂)ဦးအသက်ရှင်ခဲ့ပါ တယ်။မတ်လ(၁၂)ရက်ညပိုင်းက နီပေါနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်လေယာဉ်(၁)စီးပျက်ကျခဲ့လို့ သေဆုံးသူအနည်းဆုံး(၄၉)ဦးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ရုပ်သံဌာနကသတင်းဖော်ပြပါတယ်။ နီပေါနိုင်ငံမြို့တော်ခတ္တမန္ဒူက ထရီဘူဗန်လေဆိပ်မှာ ဆင်းသက် တုန်းပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ စုစုပေါင်း(၇၁)ဦးပါလာတယ်လို့သိရပါ တယ်။ အသံခပ်ကျယ်ကျယ်ကြားလိုက်ရပြီးနောက် လေယာဉ်ပျက်ကျလာပြီး လေယာဉ်မှာပါလာသူတွေက အော်ဟစ်ခဲ့ကြတာ ကိုလည်း ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။
 
ဘာကြောင့်လေယာဉ်ပျက်ကျခဲ့သလဲဆိုတာကို စုံစမ်းနေပြီ ဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ လေယာဉ်ရဲ့ပျံသန်းမှုမှတ်တမ်းကိုလည်း အပျက်အစီးတွေကြားထဲမှာပြန်တွေ့ရပါ တယ်။ ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းယူအက်စ်ဘင်္ဂလားပိုင်လေယာဉ်ဖြစ်ပြီး အသုံးပြုနေတာ(၁၇) နှစ်ရှိပြီဖြစ်ပါတယ်။ လေယာဉ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာကနေပျံသန်းလာတာဖြစ်ပြီး လေယာဉ်ပျက်ကျမှုကနေအ သက်ရှင်ကျန်ခဲ့သူ(၂၂)ဦးက နီပေါနိုင်ငံသား(၁၁)ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၁)ဦးဖြစ်ပါတယ်။
 
ဒဏ်ရာရသူအားလုံးကို နီးစပ် ရာဆေးရုံတွေမှာ ဆေးကုသမှုပေးထားတယ်လို့ နီပေါနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ (၁၉၉၂)ခုနှစ် က ပါကစ်္စတန်နိုင်ငံတကာလေကြောင်းလိုင်းပိုင်လေယာဉ်(၁)စီး နီပေါနိုင်ငံမှာပျက်မှုကြောင့် လေယာဉ်ပေါ်ပါလာသူ(၁၆၇)ဦး စလုံးသေဆုံးခဲ့ပြီးနောက်ပိုင်းမှာ အခုလေယာဉ်ပျက်ကျမှုဟာ နီပေါနိုင်ငံမှာ ဒုတိယလူအသေအပျောက်အများဆုံးဖြစ်ပါတယ်။ နီပေါနိုင်ငံမှာ လေယာဉ်စတင်ပြေးဆွဲနိုင်တဲ့(၁၉၄၉)ခုနှစ်ကတည်းက လေယာဉ်နဲ့ရဟတ်ယာဉ်ပျက်ကျမှု(၇၀)ကျော်ရှိခဲ့ပါတယ်။
 
 

Related News