ဆီးရီးယားအစိုးရတပ်ဖွဲ့တွေ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးတွေဆက်တိုက်လုပ်ဆောင်နေတဲ့ ဂို့တာအိုအေစစ်ဒေသနေထိ ခိုက်ဒဏ်ရာရသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ရေး ဆီးရီးယား အစိုးရရဲ့ မိတ်ဖက်ဖြစ်တဲ့ ရုရှားနိုင်ငံနဲ့သဘောတူနိုင်ခဲ့တယ်လို့ ဂို့တာမှာနောက်ဆုံးခြေကုတ်ယူထားတဲ့ ခွဲထွက်ရေးသမားတွေကပြောပါတယ်။ ရွှေ့ပြောင်းရေးလုပ်ငန်းတွေကို အဆင့်လိုက် လုပ်ဆောင်သွားမှာ ဖြစ်ပေမဲ့ ဘယ်အချိန်မှာစတင်မလဲဆိုတာကို ဂျေ့ရှ်အယ်အစ်္စလာမ်အဖွဲ့ဘက်က ထုတ်မပြောသေးပါဘူး။ ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ရုရှားဘက်က အတည်မပြု သေးပေမယ့် ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂဘက်က အတည်ပြုပါတယ်။

ဖေဖော်ဝါရီလ(၁၈)ရက်ကတည်းက ဂို့တာအရှေ့ခြမ်းကို ဆီးရီးယားအစိုးရကစစ်ဆင်ရေးတွေပြုလုပ် နေတာဖြစ်ပြီး စစ်ဆင်ရေးကာလရက်(၂၀)ကျော်မှာ အရပ်သား(၁၁၀၀)ကျော်သေဆုံးခဲ့ပြီး (၄၀၀၀)ကျော်ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂကသတင်းထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရသူတွေ ထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ဂို့တာအရှေ့ခြမ်းရဲ့(၉၀)ရာခိုင်နှုန်းကို ပြန်သိမ်းနိုင်ပြီဖြစ်တယ်လို့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့မိတ်ဖက် တပ်ဖွဲ့တွေကပြောထားပါတယ်။ ဆီးရီးယားမှာ ရက်(၃၀)အပစ်ရပ်ဖို့ ဖေဖော်ဝါရီလ(၂၅)ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ပေမဲ့ အကြမ်းဖက်သမားတွေကတော့ အပစ်ရပ်မှုမှာမပါဝင်ခဲ့ပါဘူး။ ဒဏ်ရာရသူတွေ ဒေသကနေ ထွက်သွားတာကို အကြမ်းဖက်သမားတွေက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေ ဖော်ပြနေကြပါတယ်။

 

 

Related News