ဖေဖော်ဝါရီလ(၂၅)ရက်က ဆလိုဗက်ကီးယားနိုင်ငံမှာ စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းထောက်(၁)ဦးနဲ့ သူ့ရဲ့ချစ်သူ အသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ စတင်ပြုလုပ်နေပြီလို့ ဆလိုဗက်ကီးယားရဲတပ်ဖွဲ့က ပြောပါတယ်။ အသက်(၂၇)ရှိပြီဖြစ်ကြတဲ့ သတင်းထောက် “ယန် ကူစီယက်” နဲ့ သူ့ရဲ့ချစ်သူ“မာရီနာ ကတ်စ်နီရိုဗာတို့” ဟာ ဆလိုဗက်ကီးယားမြို့တော် ဘရာတီစ်လာဗာနား မှာ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။ ကူစီယက်ဟာ ဆလိုဗက်ကီးယား နိုင်ငံရေးသမား တွေနဲ့ စီးပွားရေးသမားတွေ ချိတ်ဆက်လိမ်လည်မှုတွေကို ဖော်ထုတ်ရေးသား လေ့ရှိသူဖြစ်ပါတယ်။

မကြာသေးမီကနိုင်ငံရေး အရှုပ်တော်ပုံ(၁)ခုထဲ ပါဝင်နေတဲ့စီးပွားရေး သမား(၁)ဦးနဲ့ပတ်သက်တာကို အက်တျူရယ်လတီ သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တာဟာ ကူစီယက်နောက်ဆုံးရေးသားခဲ့တဲ့သတင်း ဖြစ်ပါတယ်။ကူစီယက်အသတ်ခံရမှုကြောင့် သူ့ရဲ့မိတ်ဆွေနဲ့လုပ်ဖော်ကိုင်ဖက်သတင်းထောက်တွေ ကြောက်ရွံ့ခဲ့ကြပြီး ဒီဖြစ်ရပ်ဟာ သူ့ရဲ့အလုပ်နဲ့ပတ်သက်နေမယ်ဆိုရင် နိုင်ငံရဲ့ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို မမျှော်လင့်ဘဲတိုက် ခိုက်ခံရတာဖြစ်တယ်လို့ ဆလိုဗက်ကီးယား ၀န်ကြီးချုပ် ရောဘတ် “ဖီကို” က ပြောပါတယ်။

ကူစီယက်ဟာ ပြီးခဲ့တဲ့(၆)လအတွင်း စုံစမ်းဖော်ထုတ် သတင်းတွေရေးပြီး ဥရောပတိုက်အတွင်း သံသယဖြစ်ဖွယ်အခြေအနေတွေကြောင့် အသတ်ခံရတဲ့ ဒုတိယမြောက် သတင်းထောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ် အောက်တိုဘာလမှာ အိမ်နားမှာ ထောင်ထားတဲ့ကားဗုံးပေါက်ကွဲခဲ့တာကြောင့် မော်လ်တာနိုင်ငံသူ ခြစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူနဲ့ သတင်းထောက် “ဒက်ဖနီ ကာရော်နာ ဂါလီဇီယာ”သေဆုံးခဲ့ပြီး အဲဒီဖြစ်ရပ်နဲ့ ပတ်သက်နေတယ်လို့ ယူဆရသူ(၃)ဦးကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

 

 

Related News